ကျနော်တခုလောက်မေးချင်ပါတယ်။
နိဗ္ဗာန်ဝင်တော့မယ့် အရိယာပုဂ္ဂိုလ်တစ်ယောက်သည် သူပရိနိဗ္ဗာန်ပြု ခါနီး
နိဗ္ဗာန်ကိုကြိုပြီးမြင်ရပါသလား…. ?။ ဘယ်လိုမြင်ရပါသလဲ….?။ ဘာကြောင့်နိဗ္ဗာန်
လို့ ပြောနိုင် တာလဲ...?
မေးမြန်းသူ ဇော်မင်းထွန်း (စစ်တွေ)
နိဗ္ဗာနံ သစ္ဆိကာတဗ္ဗံ၊ နိဗ္ဗာနံ သစ္ဆိကိရိယာ ဆိုသည့်ပုဒ်တို့ကို
မြန်မာဘာသာသို့ပြန်ဆိုမည်ဆိုပါက နိဗ္ဗာန်ကို မျက်မှောက်ပြုသင်တယ်။
နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း ဆိုပြီးအဓိပ္ပာယ်ထွက် လာပါတယ်။ မြန်မာဝေါဟာရ
အရ မျက်မှောက်ပြုသည်ဆိုသည်မှာလည်း “မျက်စိမှ အောက်မျက်မှအောက်
ခုခေတ်မျက်မှောက်ဆို” ဆိုသည်အတိုင်း မျက်စိရှေ့မှောက်တွင်ရှိသောအရာများကို
မြင်သည့်အခါတွင် သုံးနှုန်းသည့် ဝေါဟာ ရပင် ဖြစ်ပေသည်။ ဥပမာ ကိုယ့်ရှေ့မှာ
လူရှိနေသည်ကို မြင်သဖြင့် လူကိုမြင်သည် စသဖြင့် သုံးနှုန်းသကဲ့သို့ ပင်။
ယခုတင်ပြမည့် “နိဗ္ဗာနံ သစ္ဆိကာတဗ္ဗံ၊ သစ္ဆိကိရိယာ” ပုဒ်တို့၌ပါသော
မျက်မှောက်ပြုခြင်းဟု အနက်အဓိပ္ပာယ်ထွက်သော သစ္ဆိကာတဗ္ဗ၊ သစ္ဆိကိရိယာ
ပုဒ်တို့ကို မြန်မာဘာသာဖြင့် မဟုတ်ဘဲ အင်္ဂလိပ် ဘာသာဖြင့် ပြန်ဆိုမည်ဆိုပါက
Realization တဖန် realization ၏အဖွင့်ကို ပြန်ပြီးကြည့်ပါက when you
understand something that you had not understood before ဟုတွေ့ရပါမယ်။
ဆိုလိုတာကတော့ အသိဉာဏ်တခုခု ခေါင်းထဲမှာရောက်လာတာကို ဆိုလိုတာပါ။
ဒီလောက်ဆိုလျှင် နိဗ္ဗာနံ သစ္ဆိကိယ ပုဒ်သဘောကို တီးမိခေါက်မိလိုက်ပါပြီ။
ပုစ္ဆာပါ နိဗ္ဗာန်ဝင်တော့မည့် အရိယာပုဂ္ဂိုလ်တစ်ယောက်သည်
သူပရိနိဗ္ဗာန်ပြုခါနီးအခါ နိဗ္ဗာန်ကိုကြိုမြင်ရပါ၏လော ဆိုသည့်အကြောင်းကို
ဖြေရှင်းရမည်ဆိုပါက အရိယာ ပုဂ္ဂိုလ်သည် သူပထမဦးဆုံး အရိယာဖြစ်သည့်
အချိန်မှစ၍ပင် နိဗ္ဗာန်ကို မျက်မှောက်ထင်ထင် ဉာဏ်ဖြင့်မြင်ရပြီဖြစ်ပေသည်။
ထို့ကြောင့် ပရိနိဗ္ဗာန်ပြုခါနီးမှ နိဗ္ဗာန်ကိုမြင်သည်မဟုတ်ပေ။
“နိဗ္ဗာနံ ပန လောကုတ္တရသင်္ခါတံ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ”ဟူသော
ပါဠိတော်ကိုထောက်ဆခြင်းဖြင့် နိဗ္ဗာန်ကို ပကတိမျက်စိဖြင့်ကား မြင်နိုင်မည်
မဟုတ်ပေ။ သစ္စဉာဏ်ဖြင့်သာ ပိုင်းခြား၍ မြင်နိုင်ပေသည်။
ဘာကြောင့်နိဗ္ဗာန်ဟုပြောနိုင်တာလဲဆိုသည့် အမေးကို ဖြေဆိုရသော် ရှေးဦးစွာ
နိဗ္ဗာန်ဟူသော ဝေါဟာရ အကြောင်းကို တင်ပြလိုပါသေးသည်။ မြန်မာဝေါဟာရသုံး
နိဗ္ဗာန်ဆိုသော စကားမှာ ပါဠိသတ်ဝေါဟာရ တခုမျှသာဖြစ်ပါသည်။ ယင်းကို ပါဠိစာပေ၌
နိဗ္ဗာန ဟုသုံးနှုန်းထားပါသည်။ တဖန် ယင်းနိဗ္ဗာန ပုဒ်ကို
ခွဲခြမ်းစိပ်ဖြာလိုက်မည်ဆိုပါက နိဝါန ဟုရပါသည်။ နိ ဆိုသည်မှာ negative
အနက်ထွက်ပြီး ၀ါန ပုဒ်ကိုတော့ craving; lust Left ဆိုပြီးဘာသာပြန်ပါသည်။
ထိုမှတဆင့် နိဗ္ဗာန်ဟူသောပုဒ်သို့ ဘာသာဗေဒ
နည်းအားဖြင့်ပြောင်းလည်းသွားခြင်းဖြစ်ပေသည်။ တဖန် “၀ါနသင်္ခါတာယ တဏှာယ
နိက္ခန္တတ္တာ နိဗ္ဗာနန္တိ ပ၀ုစ္စတိ” စကားကို ထောက်ဆပြီး ၀ါနလို့ခေါ်တဲ့ တဏှာတို့မှ
ထွက်မြောက်ရာသည် နိဗ္ဗာန်ပင်ဖြစ်ပေသည်။ ယင်းနိဗ္ဗာန်သည်
ရာဂစသည်တို့ကုန်သဖြင့် ဆင်းရဲခပ်သိမ်း ငြိမ်းအေးကြောင်း၏အဖြစ်
ကိလေသာပူပန်မှု ငြိမ်းအေးခြင်းဟူသော လက္ခဏာရှိ၏။
ငြိမ်းအေးခြင်းပင်ကိုယ်သဘောကို မစွန့်လွှတ်သဖြင့် ငြိမ်းအေးခြင်း သဘောမှ
ရွေ့လျောမှုမရှိခြင်းဟူသော သမ္ပတ္တိရသ ရှိ၏။ (တနည်း) ကိစ္စရသရှိ၏။
ယင်းသို့ဆိုခြင်းမှာ ရွေ့လျောမှုမရှိခြင်းကို ပြုဖွယ်ကိစ္စကဲ့သို့ ခေါ်ဝေါ်၍
ပရိယာယ်အားဖြင့် ဆိုခြင်းသာဖြစ်ပါ သည်။ ရွေ့လျောမှု မရှိခြင်းဆိုသည်မှာလည်း
မိမိ၏ ငြိမ်းအေးခြင်းသဘောကို မစွန့်ခြင်း၊ ငြိမ်းအေးခြင်း သဘောမှ
မဖောက်ပြန်ခြင်းပင်ဖြစ်ပါသည်။ တနည်းအားဖြင့် သံသရာဝဋ်ဆင်းရဲမှ ငြိးငွေ့သော
စိတ်ရှိသော ပုဂ္ဂိုလ်၏ သက်သာရာကို ပြုသကဲ့သို့ ဖြစ်သောကြောင့် သက်သာရာ
သက်သာမှုကို ပြုခြင်းဟူသော ကိစ္စရသ ရှိ၏။ ရုပ်ဝေဒနာသညာသင်္ခါရ ၀ိညာဉ်ဟူသော
ခန္ဓနိမိတ်မှ ကင်းဆိတ်သည်၏အဖြစ်ကြောင့် ခန္ဓာမဟုတ်ဟု ယူအပ်သည်ဖြစ်၍
ခန္ဓနိမိတ်မှကင်းဆိတ်သောတရားဟု ယောဂီပုဂ္ဂိုလ်၏ဉာဏ်အားရှေးရှုထင်သော အခြင်းအရာ
အနိမိတ္တ ပစ္စုပဋ္ဌာန်ရှိ၏။ ၀ဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော အရိယာမဂ်သည်
နိရောဓသစ္စာမဟာအသင်္ခတ နိဗ္ဗာန်သို့ ရောက်စေတတ်သော သမ္ပာပက အကြောင်းဖြစ်၍
နိဗ္ဗာန်၏ ပဒဋ္ဌာန်ဖြစ်ပေသည်။
ယင်းနိဗ္ဗာန်သည် အကြောင်းတရားတို့ မပြုပြင် မစီရင် မချယ်လှယ်အပ်သော သဘောအားဖြင့် တစ်မျိုးတည်းသာရှိပါသည်။ အကြောင်းပရိယာယ်အားဖြင့်ကား
၁။ ကံ ကိလေသာတို့သည် အကျိုး၏ အဖြစ်ဖြင့်ယူအပ်သော ၀ိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ် ဟူသော အကြွင်းအကျန်နှင့်တကွဖြစ်သော သဥပါဒိသေသ နိဗ္ဗာန်။
၂။ ယင်းခန္ဓာအကြွင်းအကျန်မရှိသော အနုပါဒိသေသ နိဗ္ဗာန်ဟု နှစ်ပါးပြားပါသည်။
အာသဝေါကင်းကွာ ရဟန္တာပုဂ္ဂိုလ်သည် နောက်ဆုံးဘ၀၏ အကြောင်းကံ မကုန်သေးသမျှ
စက္ခုစသော ဣနြေ္ဒ ငါးပါးတို့ နောက်တဖန်ဖြစ်မှု မရှိအောင် ချုပ်ခြင်းဖြင့်
မချုပ်သေးဘဲ တည်ရှိနေသည်ဖြစ်၍ ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံတို့ကို တွေ့ကြုံခံစားရ၏။
ချမ်းသာ ဆင်းရဲကို ခံစားကြရ၏။ ယင်းရဟန္တာပုဂ္ဂိုလ်၏ ရာဂ ဒေါသ မောဟတို့၏
စင်စစ်မဖြစ်တော့ဘဲ ကုန်ခမ်းခြင်းကို သဥပါဒိသေသ နိဗ္ဗာန်ဟု ခေါ်ဆိုရ၏။
ယင်းရဟန္တာပုဂ္ဂိုလ်၏သန္တာန် ဤပစ္စုပ္ပန်အတ္တဘော၌ သုခစသော အဗျာကတဝေဒနာအားလုံး၊
ခန္ဓာငါးပါးအားလုံးတို့သည် တဏှာစသည်တို့ဖြင့် နှစ်သက်မှု မရှိတော့သည်ဖြစ်၍
စင်စစ်ငြိမ်းအေးကုန် မည်ဖြစ်ပြီး ဆက်စပ်ခြင်းကင်းချုပ်ငြိမ်းခြင်းဖြင့်လည်း
ချုပ်ငြိမ်းကြကုန်လိမ်မည်သာ။ ခန္ဓာအားလုံးချုပ်ငြိမ်းအေးခြင်းသဘောကို
အနုပါဒိသေသနိဗ္ဗာန်ဟု ခေါ်ဆိုရ၏။ အချုပ်အားဖြင်ဆိုရသော် ကိလေသာငြိမ်းအေးမှု
နိဗ္ဗုတိသဘာဝသည် သဥပါဒိသေသ နိဗ္ဗာန်မည်ပြီး ခန္ဓာငြိမ်းအေးမှု ခန္ဓနိဗ္ဗာန်သည်
အနုပါဒိသေသ နိဗ္ဗာန်မည်ပါသည်။
ဤသည်တို့ကား နိဗ္ဗာန်၏ အနည်းငယ်မျှသော သဘောသဘာဝတို့ကိုတင်ပြခြင်းသာ
ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နိဗ္ဗာန်၏ အကြောင်းကို တင်ပြရမည်ဆိုပါက
ကုန်အံ့နိုင်မည်မထင်သလို စာရေးသူကိုယ်၌ပင် နိဗ္ဗာန်ကို ရောက်ဖူးသူ
မဟုတ်သည်အတွက် အဆုံးအစွန်အထိ လိုက်မှီနိုင်မည် မဟုတ်ပါ။ ထို့ကြောင့်
အနည်းငယ်မျှလောက်သော အကြောင်းအရာတို့ကို ရှေးသူတော်ကောင်း တို့
ပြောဟောထားသည်များမှ ရှာဖွေပြီးတင်ပြလိုက်ရပါသည်။
(ဓမ္မလွင်ပြင်ဆိုဒ်မှရေးသူအမည်ဖေါ်ပြမထားသည်ကိုတဆင့်တင်ပြသည်)
No comments:
Post a Comment