ဤပြခဲ့သော ဒါနစသည်ကို ကိုယ်တိုင်ပြုမှသာ ကုသိုလ် ဖြစ်သည်မဟုတ်။
သူတစ်ပါးကိုပြုဖို့ရန် တိုက်ရိုက်ခိုင်းခြင်း၊ ပြုချင်လာအောင်
ဂုဏ်ကျေးဇူးကို ပြောပြခြင်း၊ သူတစ်ပါး ပြုနေသည်ကို မြင်ရကြားရ၍
ဝမ်းမြောက်ခြင်းများလည်း ကုသိုလ်ဖြစ်သည်။ ထို့ကြောင့် ပုညကြိယ၀တ္ထု ၁၀-ပါးကိုတည် (၁) ကိုယ်တိုင်ပြုခြင်း၊ (၂) ပြုဖို့ရန်ခိုင်းစေခြင်း၊ (၃) ဂုဏ်ကိုပြောပြခြင်း၊ (၄) ၀မ်းမြောက်ခြင်း - ဤလေးပါးဖြင့် မြှောက်လျှင် ပုညကြိယ၀တ္ထု ၄၀ ဖြစ်၏။
ဆောင်။ ။ကောင်းမူဆယ်ခိုင်၊
အရင်းကိုင်၍၊ ကိုယ်တိုင်ပြုငြား၊ သူများခိုင်းတုံ၊ ဂုဏ်ကိုပြောပြ၊
ဝမ်းမြောက်ကလျှင်၊ လေးဆယ်တွင်၊ မြှောက်တင် ပုည၀တ္ထုတည်း။
ဤမျှသော စကားအစဉ်ဖြင့် စိတ်ကောင်း
စေတနာကောင်းထား၍ ပြုရသော ပုညကြိယ၀တ္ထုများ ပြီးပြီး ဤပုညကြိယ၀တ္ထုများကို
ထင်ထင်ရှားရှား ရေးသားရကြောင်း ကောင်းမူ ပဋ်ပတ်အကျင့်မြတ်ကြောင့် ဤစာကို
ကြည့်ရူသူတိုင်း ပုညကြိယ၀တ္ထုများကို ပြုလိုသော စိတ်ဆန္ဒ ရှေးကထက်
တိုးတက်ပါစေ။ ငါနှင့် စပ်ဆိုင်သူ ဟူသမျှလည်း ဤကောင်းမူ ၁၀-ပါးကို
နိဗ္ဗာန်အထိ မျှော်ခေါ်၍ ပျော်ပျော်ကြီး ကြိုးစားကြပါစေ။
ငါ၏အတွက်ကား ဒါန သီလ ဘာဝနာကို အခြေတည်လျက်
ရွှေပြည်နိဗ္ဗာန်ရောက်ရန် ကောင်းမူအစုစုကို ပြုတိုင်းပြုတိုင်း ယုတ်ဆိုင်း
တွန့်တိုသော စိတ်များကို ဖယ်ရှား၍ ထက်မြက်သော သဒ္ဓါ ၀ီရိယ သမာဓိနှင့် သတိ
ပညာ ဗိုလ် ငါးဖြာတို့ ကောင်းစွာ အုပ်စည်းလျက် အပြီးတိုင် ကျင့်နိုင်ပါစေ။
ကောင်းမူဆယ်လီ၊ နှစ်အဆီကို၊ ပီပီသသ၊ ရေးစီရသည့်၊
ပုညမြင့်ဖူး၊ အကျင့်ထူးကြောင့်၊ ကြည်နူး ရွှမ်းအိ၊ ဂွမ်းဆီအိသို့၊
ပီတိဝေဖြာ၊ စေတနာဖြင့်၊ တေဇာဆင့်ဆင့်၊ ကောင်းရာချင့်၍၊ ကောင်းကျင့်တရား၊
ကောင်းကောင်းပွားလျက်၊ ကောင်းစားကြစေ၊ ငါ့အနေမူ၊ ဘဝေဘ၀၊ ဖြစ်သမျှ၌၊
ပုညဆယ်ဆင့်၊ ကုန်အောင်ကျင့်သား၊ ငါနှင့်ရင်းသူ၊ အတွင်းလူလည်း၊
ဝင်းဖြူဆယ်တန်၊ ကုန်ကျင့်ကြံသည်၊ နိဗ္ဗာန်ထုတ်ချောက် ရောက်ရန်သောဝ်။
ပုညကြိယ၀တ္ထု ၁၀-ပါး ပြီးပြီ။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment