ယခုပြခဲ့သော စကားများဖြင့် ဒါန၏ အကျိုးကျေးဇူးများ ကုန်လောက်ပြီဟု
မမှတ်သင့်။ ဒါန၏ ကျေးဇူးသက်သက် စာတစ်အုပ် ရေးထုတ်စေကာမူ ကုန်လိမ့်မည်ဟူ၍
မဆိုနိုင်။ ထို့ကြောင့် ဒါနကို မည်သည့်နည်းနှင့်မျှ မပစ်ပယ်သင့်ကြ။
တချို့လူတို့ဝါဒဖြင့် ဒါနကို ပစ်ပယ်လိုက်ပြီဆိုပါတော့။ ထိုကဲ့သို့
ပစ်ပယ်လိုက်လျှင် တစ်ယောက်နှင့် တစ်ယောက် ပေးကမ်းချီးမြှောက်ခြင်း
မရှိတော့ရကား အချင်းချင်း မေတ္တာမရောက်ဘဲ သွေ့ခြောက်ခြောက် ဖြစ်ကြရတော့မည်။
ဆင်းရဲသူ ဆင်းရဲသားတွေကို မပေးမစွန့်လျှင် ထိုသူတွေကို ဘယ်လို စိတ်စေတနာတွေကိုထား၍ ရူစားရမည်နည်း။ “ဒီကောင်တွေ ငတ်လို့ သေသေ”ဟု
သဘောထားရတော့မည် ထိုသို့ ဖြစ်လျှင် ဒါနကို ပယ်လိုက်ရုံဖြင့် ထိုသူ၏
စိတ်ထားသည် ကြမ်းတမ်းသွားချေပေါ့။ စိတ်ကြမ်းလျှင် ရုပ်လည်း ကြမ်းတော့မည်သာ။
ဆက်ဦးမည်။ ငါတို့ ဘုရားရှင် ထီးနန်းကို
စွန့်ခွာတော်မူခဲ့သည်မှစ၍ ဒါနရှင်တို့ အကူအညီဖြင့်သာ
ဘုရားဖြစ်တော်မူလာခဲ့ရပေသည်။ ဘုရားဖြစ်တော်မူပြီးနောက်၌လည်း အနာထပိဏ်
ဝိသာခါ ဗိမ္ဗိသာရမင်း စသော ဒါနရှင်ကြီးများ၏ အကူအညီ ရ၍သာလျှင်
သာသနာတော်ကြီးကို တည်ထောင်တော်မူနိုင်ပေသည်။ ထိုခေတ်မှစ၍ ဒါနကို ပယ်သူများ
ထွန်းကားနေခဲ့လျှင် ဘုရားရှင်လည်း မပွင့်နိုင်ရာ။ သာသနာတော်မှာမူ သာ၍ပင်
ဝေးခဲ့ရာ၏။ ငါတို့ ဘုရားရှင် လက်ထက်တော်ကို ထားလိုက်ပါဦးတော့။ ကမ္ဘာ့ ကမ္ဘာ
သံသရာဝယ် ဒါနဟုခေါ်သော အကျင့်ကောင်း တစ်မျိုးသာ မရှိပါမူ ဂင်္ဂါဝါဠုသဲစုမကသော
ဘုရားရှင်များ ဧကန်ပွင့်တော်မူခွင့် ရကြတော့မည် မဟုတ်ပါ။ “ဖွဟဲ့ - လွဲစေဖယ်စေ” ယခုချိန်မှစ၍ နောက်နောက်အခါ ကမ္ဘာအသစ်အသစ်တို့၌ ဒါနကို ပစ်ပယ်လိုသူများ မဖြစ်ပေါ်ရစ်ပါစေသား။
ဒါနအစွမ်း၊ လက်ရုံးတန်းဖို့၊
ဆုံးခန်းရောက်ဖွယ်၊ ဤကျမ်းငယ်က၊ အဘယ်ထုတ်ချောက်၊ ရေးသားလောက်လိမ့်၊
နိုင်းထောက်ကြံခြယ်၊ ဉာဏ်မမယ်တို့၊ စိတ်ဝယ်ဝိုးဝါး၊ မထင်မှားနှင့်၊
ဘုရားဆူဆူ၊ ဒါနကူမှ၊ သုံးလူသင်းကျစ်၊ ဧကန်ဖြစ်၍၊ အသစ်တရား၊ ဟောဖော်ထားလျက်၊
အများဝေနေ၊ ကျွတ်လွတ်စေ၏။ ထွေထွေမြားမြောင်၊ ဒါနဆောင်သော်၊ ပြောင်တလက်လက်၊
အရောင်ထွက်သို့၊ ခေါင်းထက်ခေါင်းနင်း၊ ဖြစ်ကြခြင်းနှင့်၊ ယင်းသည့်ဒါန၊
မပါကြသည့်၊ ဒုက္ခသည်စု၊ တွေ့တိုင်းရူ၍၊ လူမူအားကိုး၊ ဒါနမျိုးကို၊
ပျိုးလေးဆန်းဆန်း၊ နေ့စဉ်လန်းအောင်၊ ကျွတ်တမ်းဝင်လိုဘိမူကား။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment