Wednesday, December 24, 2014

ဒိဌိ၏ အထင်မှားမှုကြီး။

      မှန်ထဲကပုံကို ငါလို့ပဲ ထင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မှန်ကိုဖယ်လိုက်တာနဲ့ တပြိုင်
နက် မှန်ရိပ်ထဲက ပုံရိပ်လွှာဟာ ပျောက်သွားပြီ၊ အဲဒီလိုပဲ ကိုယ် ထင်ပြီးတော့ အားကိုးစရာ အ
ရာတစ်ခုဟာ ဘာမှ အားကိုးစရာ မရှိဘဲနဲ့  မကြာခင်ပဲ သူ့ဟာသူ ပြောင်းလဲပြီး ပျက်စီးတဲ့အ
ရာသာဖြစ်တယ် ဆိုတာကို တို့တစ်တွေ “ဒိဌိမညနာ” မှားယွင်းတဲ့ အထင်မှားမှုတစ်ခုကြောင့်
မမြင်နိုင်ကြပါ။

         တဏှာကြောင့် အထင်မှားမှုတွေ တွယ်တာမှုကို စွဲလန်းပြီးတော့ အထင်မှားမှုတွေ၊
မာနကြောင့် ဖြစ်ပေါ်လာတဲ့ အထင်မှားမှုတွေ၊ မှားယွင်းတဲ့အမြင်ကြောင့် ဖြစ်ပေါ်လာတဲ့ အ
ထင်မှားမှုတွေ၊ သက္ကာယပေါ်မှာ အဲဒီလို အထင်မှားမှုတွေဟာ လွယ်လွယ်ကူကူနဲ့ ဒီ သက္ကာယ
ဆိုတဲ့ ခန္ဓာ ၅ ပါး ကြီးက လွတ်အောင်၊ ကျွတ်အောင် ကြိုးစားဖို့ အင်မတန်မှ ခဲယမ်းပါတယ်။
         ဥပမာ = လူ့ဘ၀ကနေ ကုသိုလ်ကောင်းမှုတွေ လုပ်တယ်၊ နတ်ဘ၀ ရောက်သွားတယ်
ခန္ဓာပဲ ပြန်ရပါတယ်။ အကုသိုလ်တွေလုပ်လို့ ငရဲကျသွားတယ်၊ တိရစ္ဆာန်ဖြစ်တယ်၊ ပြိတ္တာဖြစ်
တယ်၊ ခန္ဓာပဲ ပြန်ရပါတယ်။ တို့တစ်တွေ ခန္ဓာ ၅ ပါးနဲ့ပဲ တ၀ဲလည်လည် ဖြစ်နေကြပါတယ်။ အ
ဝေးကို မရောက်နိုင်ကြဘူးလို့ “ဂဒ္ဒုလသုတ်” မှာ မြတ်ဘုရား ဟောတော်မူခဲ့ပါတယ်။
         မြတ်ဘုရားပွင့်တော်မူမှ ခန္ဓာ ၅ ပါးမှ လွတ်ကြောင်း လမ်းစဉ်အမှန်ကို လမ်းညွှန်ပြသ
ဟောကြားတော်မူမှ သိရပါတယ်။ တခြား အယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း ခန္ဓာ ၅ ပါးရဲ့အ
ပြစ်ကို မြင်သည့်အတွက်ကြောင့် လွတ်မြောက်အောင် ကြိုးစားကြတယ်၊ လွတ်မြောက်အောင်
ကြိုးစားရင်း ကြိုးစားရင်း သူတို့ဟာ လွတ်မြောက်မှုမရနိုင်ပဲ ခန္ဓာ ၅ ပါးပဲ ပြန်တွေ့ကြပါတယ်။
         သက္ကာယပေါ်မှာ ဘယ်လောက်ပဲ အပြစ်မြင်မြင် ဟောဒီ . တဏှာဆိုတဲ့ အထင်မှားမှု၊
ဒိဌိဆိုတဲ့ အထင်မှားမှု၊ မာနဆိုတဲ့ အထင်မှားမှု၊ ဒီ တရားသုံးပါးကို မဖယ်ရှားနိုင်သေးသမျှ
ကာလပတ်လုံး၊ မှန်ကန်တဲ့အမြင် မရသေးသမျှ ကာလပတ်လုံး တို့တစ်တွေဟာ ခန္ဓာ ၅ ပါးပဲ
ပြန်ရကြမှာ ဖြစ်ပါတယ်။
         မြတ်စွာဘုရား ဟောကြားထားတဲ့ လွတ်သွားတဲ့နည်း = မဂ္ဂင်ရှစ်ပါး အကျင့်တရားကို
ကျင့်တဲ့အခါ အရင်က သက္ကာယကို “ဧတံ မမ- ဒါ ငါ့ဟာ” လို့ မြင်ကြတယ်၊ “ဧသောဟ မသ္မိ-
ဒါ ငါပဲ” လို့ မြင်တယ်၊ “ဧသော မေ အတ္တာ - ဒါ ငါရဲ့အတ္တပဲ” လို့ ဒီလို တဏှာ၊မာန၊ဒိဌိအမြင်
တွေနဲ့ မြင်တယ်။ အဲဒီ အမြင်ကနေ ပြောင်းပြန် ပြန်ပြီးတော့ မြင်အောင် ကြိုးစားရပါမယ်။
         ယထာဘူတဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ ဟောဒီ သက္ကာယဟာ “နေတံ မမ- ငါ့ဟာ မ
ဟုတ်ဘူး၊ “နမေသော အတ္တာ - ငါရဲ့ ခိုင်မာသော အတ္တလည်း မဟုတ်ဘူး”၊ “နေသောဟ မသ္မိ-
ငါလို့ ပြောစရာလည်း တစ်ခုမှ မရှိဘူး” လို့ ဒီလို မြင်ရမယ်။
         ဒါကြောင့်မို့ သတိထားပြီး နေတဲ့အခါမှာ မှန်မှန်ကန်ကန် မြင်ဖို့ရာအတွက် စိတ်ဓါတ်
လေး တည်ငြိမ်အောင်လုပ်ဖို့ အရေးကြီးပါတယ်။ “သမ္မာသမာဓိ”လို့ ဆိုပါတယ်။ မှန်မှန်ကန်ကန်
မြင်တဲ့အခါကျတော့ အထင်မှားဆိုတာတွေ ပျောက်သွားတယ်။ အဲဒီအထင်မှားမှု ပျောက်သွား
ရင် “ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ-ရုပ်ပေါ်မှာ ငြီးငွေ့တယ်၊ တွယ်တာမှုတွေ မရှိတော့ဘူး၊ ဝေဒနာယပိ နိဗ္ဗိ
န္ဒတိ- ခံစားမှုတွေပေါ်မှာလည်း မတွယ်တာတော့ဘူး၊ သညာယပိ နိဗ္ဗိန္ဒတိ- သညာပေါ်မှာလည်း
တွယ်တာမှု မရှိဘူး၊ သင်္ခါရေ သုပိနိဗ္ဗိန္ဒတိ- ကျန်တဲ့စိတ်နဲ့ပတ်သက်တဲ့ လှုံ့ဆော်မှုတွေအပေါ်
မှာလည်း တွယ်တာမှု မရှိတော့ဘူး၊ ၀ိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ- အသိစိတ်ပေါ်မှာလည်း တွယ်တာမှု
မရှိတော့ဘူး”၊ အဲဒီလို တွယ်တာမှု မရှိဘူးဆိုတာ ၀ိပဿနာဉာဏ် ဖြစ်တာပါ။
         သက္ကာယပေါ်မှာ တွယ်တာမှု ပျောက်သွားတယ်၊ နိဗ္ဗိန္ဒံ ၀ိရဇ္ဇတိ- သက္ကာယပေါ်မှာ ငြီး
ငွေ့လာတာနဲ့ တစ်ပြိုင်နက် တွယ်တာမှုတွေ ချုပ်ငြိမ်းသွားတယ်၊ တွယ်တာမှု ချုပ်ငြိမ်းသွား
ရင် ၀ိရာဂါ ၀ိမုစ္စတိ- စိတ်ဟာ တဏှာ၊ မာန၊ ဒိဌိ ဆိုတဲ့ မကောင်းတဲ့ အတွေးမှားတွေကနေ
လုံးဝလွတ်မြောက် သွားတယ်။
         အဲဒီလို လွတ်မြောက်သွားမှသာလျှင် အထင်မှားမှုတွေ ပျောက်ကင်းပြီး ထာဝရအငြိမ်း
ဓာတ်ကို တွေ့ရှိနိုင်တယ်။ သောကတွေ ပရိဒေ၀တွေ ဒုက္ခတွေ ဒေါမနဿတွေ အားလုံး ချုပ်
ငြိမ်းပြီး အင်မတန်အေးချမ်းတဲ့ ထာဝရငြိမ်းတဲ့ “ဥပသမ”  ဆိုတဲ့ အငြိမ်းဓာတ်ကို ရရှိနိုင်မှာဖြစ်
တယ်ဆိုတာကို ဓမ္မမိတ်ဆွေအပေါင်း အားလုံးယုံကြည်ပြီးတော့ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူ
ခဲ့တဲ့ တရားအတိုင်း လိုက်နာကျင့်သုံးကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
 {၁၃၇၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၌
   အရှင်နန္ဒမာလာဘိဝံသ(Ph.D) ဟောကြားသော “အထင်မှား အမြင်မှား” တရားတော်မှ
   ကောက်နုတ်ရေးသားပူဇော်ပါသည်။ }

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။


No comments:

Post a Comment