Tuesday, December 23, 2014

ဗုဒ္ဓဘာသာအစစ်တို့ မလုပ်မနေရသော ကိစ္စများ



ဗုဒ္ဓဘာသာအစစ်တို့ မလုပ်မနေရသော ယုံကြည်လေးစား ပွားများခံယူမှု ဆိုတာကတော့ ဘုရားဂုဏ် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃဂုဏ်တော် ၉ ပါးရဲ့ ပါဠိအနက်များကို အရကျက် နှုတ်တက်ဆောင်တယ်၊ ရွတ်ဖတ်တယ်၊ အဓိပ္ပါယ်ကိုသိအောင် ဆွေးနွေးမေးမြန်း တယ်၊ ဒကာကြီးတို့ရ။

သည်တွင် ရပ်မနေပဲ မိမိခံယူဆောက်တည်ကိုးကွယ် ဆည်းကပ်ထားတဲ့ ဘုရား၊ တရား၊ သံဃာ သရဏဂုံ ၃ ပါးမှာ မှန်ကန်စွာ အဟုတ်ရှိနေတဲ့ ဂုဏ်၏ ကြီးမားမြင့်မြတ်ပုံ ကယ်တင်နိုင်ပုံ နည်းနယကို သိထားဖို့နဲ့ ယင်းအကျိုးဖလ၏ တန်ဖိုးကို ရယူခံစားနိုင်ဖို့ ပြုလုပ်ကျင့်ကြံရေးကို အကြိမ်ကြိမ် အဖန်ဖန်စုံစမ်းမေးမြန်း ဆွေးနွေးနာယူတယ်၊ စိစစ်လေ့ ကျင့်တယ်၊ သူပြောသူဖြေ ကြားသိလောက်နဲ့ ယုံမနေဘဲ မှတ်ကျောက်တင်ခံ၊ မခံ သန္ဒိဋ္ဌိက ဂုဏ် ရှိ၊ မရှိ ကိုယ်တွေ့ဉာဏ်မြင်သိ ကျေနပ်မှုရသည်အထိ ၀ိပဿနာတရားကို ကျင့်ကြံပွား များ အားထုတ်တယ်။
အဲဒါဟာ သရဏဂုံကို ယုံကြည်လေးစားပွားများခံယူခြင်း ၂ နံပါတ် လူတန်းစား ဗုဒ္ဓဘာ သာအစစ်များရဲ့ မလုပ်မနေရတဲ့ ကိစ္စအချို့ပဲဖြစ်တယ်။
သည်နောက် လက်မခံဘဲ တော်လှန်ပယ်ရှား စွန့်ပစ်ရမည့် အမှားစွဲများကိုလည်း စွန့်ပယ်ထုတ်ပစ်လိုက်တယ်၊ ပြည့်စုံစွာ ဆောင်ယူထားရမည့် အမှန်တရားများကိုလည်း အပြည့်အစုံ ဆောင်ယူထားတယ်၊ အဲသည်လို အကြိမ်ကြိမ်အခါခါ အဖန်ဖန် အထပ်ထပ် အမှားပယ်အမှန်ယူ ကိစ္စတို့ကို အပြည့်အစုံ ပြုလုပ်ပြီး သရဏဂုံ ၃ ပါး၏ ဂုဏ်ကျေးဇူးတော်များ ကို သန္ဒိဋ္ဌိက ကိုယ်တိုင်တွေ့သိ ဖြစ်လာတဲ့အတိုင်း မှတ်ကျောက်တင်ခံသူဖြစ်တော့ ဘုရား၊ တရား၊ သံဃာတော်များအပေါ်မှာ မတုန်မလှုပ် ယုံကြည်လေးစားလာတယ်၊ ဘယ်သူဘာပြောပြော ခိုင်မြဲသော ယုံကြည်ချက် မပျက်တော့ဘူး ဒကာကြီးတို့ရ။
ဒကာ။ ။ မှန်ပါ့၊ ဒကာကြီးတို့တော့ ဗုဒ္ဓဘာသာ အစစ် အပိုင်းထဲ ၀င်စပြုလာသူဟု ဆိုရမည်လောက် ရိုးစွဲအမှားတွေ ပယ်ဖျောက်နိုင်လာပါပြီကော ဆရာတော်၊ ဆက်လက် ပြောကြားပါဦး ဘုရား၊ ဒကာကြီးတို့ အထူးပဲ စိတ်ဝင်စားပါတယ်။
ဆရာ။ ။ အင်း…. သူကိုယ်တိုင် ဘုရားထံမှာ၊ သို့မဟုတ် သံဃာတော်များထံမှာ ခံယူ ထားတဲ့ ငါးပါးသီလဟာလည်း မြဲလာတယ်၊ ဒါထက်ပိုပြီး ရှစ်ပါးသီလ ကိုးပါးသီလ ဥပုသ်သီတင်းများကိုလည်း စတင်သုံးလာတယ်၊ မိမိအား မုချကောင်းကျိုးချမ်းသာကို ပေးနိုင်တဲ့ ရတနာ အစစ်ဖြစ်သော သရဏဂုံ ၃ ပါးမှ အခြားတစ်ပါးသော ဗေဒင် နတ် ဘိုးတော် ၀ိဇ္ဇာ စတဲ့ ဗုဒ္ဓဘာသာ (သမ္မာဒိဋ္ဌိ) နိဗ္ဗာန်လမ်းနှင့် ဆန့်ကျင်ဘက်လောကကြောင်းသက်သက် တစ်ဖက်သတ် တစ်လမ်းသွား ဆရာကြီးတို့အား ကိုးကွယ် ဆည်းကပ်မှုလုပ်ငန်းများကိုလည်း ရပ်စဲ ပယ်စွန့် ထားလိုက်တယ်။
ထို့ကြောင့် ယင်းဆရာကြီးတို့ စေခိုင်းချက်(ဝေဒကျမ်းလာ) စွာရစတီ စန္ဒီ ဒေ၀ီ ရှရီ ရှရုံ ဥုံ အံ မန္တရားများကိုလည်း မရွတ်ဖတ်တော့ဘူး၊ ဓါတ်တက် ဓါတ်ဆင် ယတြာခွင်တွေလည်း မချေ မပတော့ဘူး၊ မယုံကြည် မကိုးစားတော့ဘူး။
http://www.thamameggin.blogspot.com်မှတဆင့်ခံစားတင်ပြသည်။

No comments:

Post a Comment