Friday, December 26, 2014

မဟာဂန္ဓာရုံဆရာတော်ကြီး၏ ဘာသာရေးအတုနဲ့ အစစ်။

        ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်တုန်းက ဘုရားရှင်အားတိုက်ရိုက် လှူ
ဒါန်းနိုင်ခဲ့ကြသော်လည်း ယခုအခါ ဘုရားရှင်မရှိတော့ရကား ဘုရားရှင်အား ရည်မှန်း၍ လှူဒါန်း
ပုံကို ကျမ်းဂန်အတိုင်း သိထိုက်၏။ မိမိ၏ စိတ်စေတနာက ဘုရားကိုရည်မှန်း၍ လှူဒါန်းပူဇော်ပါ
လျှင် ကုသိုလ်စေတနာဖြစ်သောကြောင့် ဧကန်အကျိုးရှိနိုင်ပါသည်။ ထို့အတူ သီလစောင့်ထိန်းမှု
သမာဓိကျင့်ကြံအားထုတ်မှု တို့တွင်လည်း ကျမ်းဂန်အတိုင်း လိုက်နာကျင့်ကြံအားထုတ်မှသာ

အကျိုးများနိုင်ပါသည်။
         အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ( အဂ္ဂမဟာပဏ္ဍိတ) သည် “ ကိုယ်
တည်းတစ်ယောက်၊ ချမ်းသာရောက်ဖို့၊ ခုလောက်ကြိုးကုတ်၊ အားမထုတ်ဘူး။ ဗုဒ္ဓမြတ်စွာ၊ သာ
သနာ၏၊ ရှေးခါဘိုးဘ၊ လက်ထက်ကလျှင်၊ ရသည့်တန်ခိုး၊ ထပ်မညှိုးဖို့၊ အားကြိုးမာန်တက်၊ ငါ
ဆောင်ရွက်သည်၊ ဆက်လက်တည်တန့်ပါစေသော် ” ဟူသည့် ဆောင်ပုဒ်ကို ကိုင်စွဲထားသည့်
ဆရာတော်ကြီး ဖြစ်ပါသည်။
         ဆရာတော်ကြီးသည် ဗုဒ္ဓဘုရားရှင်နှင့် တရားတော်၊ အရိယာဖြစ်ပြီးသော သံဃာတော်
တို့အား အလွန်ရခဲသော အဖိုးတန်ရတနာအဖြစ် ကြည်ညိုစွဲမှတ်ထားပြီး ဖြစ်သည်နှင့်အညီ သတ္တ
ဝါ ဝေနေယျတို့ကိုလည်း စစ်မှန်သော ဘာသာရေးလမ်းကြောင်း၌ လျှောက်လှမ်းစေလိုသည်။
သည့်အတွက် ဘာသာရေးအတုနှင့် အစစ်အား ခွဲခြမ်းပြသ ဟောကြားတော်မူခဲ့၏။
         ဆရာတော်ကြီးက  “ ဘာသာရေး၌လည်း တရားတု၊ ကမ္မဌာန်းတု၊ ရဟန်းတုတွေနှင့် ဒါန
သီလ အပေါစားတွေ များလှချေ၏။ သဒ္ဓါတရားကို ဥစ္စာဓနဟု ဟောတော်မူ၏။ ဤလောက၌
ပုဂ္ဂိုလ်တစ်ယောက်၏ အကောင်းဆုံးဥစ္စာသည် သဒ္ဓါတရားဖြစ်၏။ (အာဠာဝကသံယုတ်ပါဠိတော်)
ထိုသဒ္ဓါအစစ် ဥစ္စာလည်း ရဟန်းရှင်လူ ခပ်သိမ်းသူတို့မှာ တစ်စတစ်စနည်းပါး၍ လာ၏။ ထို့
ကြောင့် တရားတု၊ ကမ္မဌာန်းတုနှင့် တရားစစ်၊ ကမ္မဌာန်းစစ်ကို ယှဉ်ဟောပြောသောအခါ အတုက
ပြုလွယ်၍ အစစ်က အပြုခက်သောကြောင့်သဒ္ဓါဥစ္စာ နည်းပါးသူများက အတုကိုသာ လိုက်စားနိုင်
ကြတော့၏။ ဒါနအမှုများ၌ ပကာသနဒါနသည် ပြု၍လည်းလွယ်၊ ပျော်ဖွယ်လည်းကောင်း၏။ မိမိ
မှာပါသောယုံကြည်မှု သဒ္ဓါဥစ္စာကလည်း နည်းပါး၏။ ဒါနအစစ်ကို အာပေါက်မတတ်ဟောပြော၍
လက်ညောင်းအောင် ရေးကြသော်လည်း သဘောမပေါက်ကြချေ။”
         “သီလစောင့်ရာ၌လည်း ရှေးဘိုးဘွားတို့ အမြဲစောင့်နိုင်သော ငါးပါးသီလကိုမျှ လုံခြုံအောင်
မစောင့်နိုင်ကြ။ ဥပုသ်သီလကိုလည်း ပျော်ပျော်ပါးပါး စားကြသောက်ကြ လည်ပတ်ကြနှင့် အပျော်
စောင့်သုံးကြ၏။ အစစ်အမှန်ဥပုသ်ကို မစောင့်နိုင်ကြ။  ဤနည်းအားဖြင့် ဒါနစစ်၊ သီလစစ်၊
ဘာဝနာကမ္မဌာန်းအစစ်များ ယုတ်လျော့နည်းပါးလာ၍ အတော်ကြာလျှင် ကွယ်ပျောက်ရတော့
မည်သာ ဖြစ်၏။ ” ဟူ၍ ခွဲခြားပြပြီး ဆုံးမတော်မူခဲ့ပါသည်။
         ဒါကြောင့် တရားချစ်ခင် သူတော်စင်တို့ကလည်း ဗုဒ္ဓတရားတော်နဲ့အညီ လိုက်နာကျင့်သုံး
နိုင်ကြကာ မိမိရရှိထားတဲ့ ဘ၀ကို တန်ဖိုးရှိရှိနဲ့ မြင့်မြတ်သထက်မြင့်မြတ်အောင် လိုက်နာပြီး မြတ်
နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။
{နန္ဒာမိုးကြယ်၏ မြန်မာ့သမိုင်းဝင်ဖြစ်ရပ်များနှင့်  အမရပူရ မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာ 
ဘိဝံသ( အဂ္ဂမဟာပဏ္ဍိတ) ၏ ကိုယ်ကျင့် အဘိဓမ္မာတို့မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
      (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment