__________________________________
★ “ဟန်ဆောင် အကြောက်သမား”★
__________________________________
ကျန်ခဲ့သည့်ရက်ပိုင်း က ကျွန်တော့်မိတ်ဆွေတစ်ဦး ရုတ်တရက် ကွယ်လွန်ခဲ့ပါသည်။ ကွယ်လွန်ရသည့်အကြောင်းမှာ မန္တလေး-မူဆယ် ကုန်စည်ပို့ဆောင်ရေးတွင်အသုံးပြုနေ သည့် သူ့ကိုယ်ပိုင်(၁၂)ဘီးတပ် ကုန်တင်ကားပေါ်မှ ပြုတ်ကျခြင်းကြောင့် ဖြစ်ပါသည်။
အနီးဆုံးတွင်ရှိနေသော သူ၏ တပည့်(ဒရိုင်ဘာ)၏ ပြောပြချက်အရ ပြုတ်ကျကျခြင်း တွင် ကွယ်လွန်ခြင်းမဟုတ်ပဲ၊ပြန်လိမ့်လာသည့် အရှေ့ ကားဘီး နှင့်ကျိတ်မိသော ကြောင့် ခါးလည်မှ ပိပြားသွားကာ (ထို ကိုယ်တစ်ပိုင်းပြတ်ကြီးဖြင့်) သွေးရူးသွေးတန်း အော်ဟစ် သေဆုံးသွားခြင်းဖြစ်ပါ၏။
ထိုသတင်းကိုကြားမိကြသောအခါ တချို့က အံ့သြသောမျက်နှာပေး၊တချို့က ခပ်တည်တည်ကလေး၊တချို့ကျပြန်တော့ စူးစမ်းသည့်အမူအရာ စသည်တို့ဖြင့် “သေခြင်းတရား” ကို တုံ့ပြန်ကြပါ၏။ သေရမှာကြောက်သူတိုင်း “ငါလည်းတစ်နေ့ သေရဦးမှာပါပဲကလား”ဟု တော့ အနည်းငယ်တုန်လှုပ်ကောင်းတုန်လှုပ်ပါလိမ့်မည်။
နော့ပေတဲ့ “သေခြင်းတရား” ကို တကယ်ပဲ ကြောက်နေသလား?၊ကြောက်ချင်ယောင်ပဲ ဆောင်နေကြလေသလား ?ဆိုသည်ကို စိစစ်ကြည့်ချင်မိပါသေးသည်။
အချို့ အချို့သော ပုဂ္ဂိုလ်များ က သေရမှာ ကိုမကြောက်ပါ။ ရှာဖွေစုဆောင်းထားသည့် ပစ္စည်းဥစ္စာများကို ထားပစ်ခဲ့ရမှာကြောက်သည်။ မျက်စိအာရုံ၊ကာမဂုဏ် (မော်တော်ကား၊တိုက်၊TV၊Phone၊လူ့အသုံးအဆောင်-စသည်) များကို မစွန့်လွှတ်နိုင်။ ဇနီးမယား သမီးသားများနှင့် ပြိုင်ဆိုင်ကြွားဝါ၍နေရသဖြင့် ကိုယ့်ကိုယ်ကိုယ် “ဘယ်တော့မှမသေ” ဟုပင်ထင်နေလေ၏။
“အနိဋ္ဌာရုံ၊အသည်းထိတ်စရာ”များ တွေ့ကြုံခဲ့ရ၍ တုန်လှုပ်ကောင်း တုန်လှုပ်ပါလိမ့်မည်။တစ်ရက် ၊နှစ်ရက် ကြာလာသောအခါ သေခြင်းတရားအပေါ် ကြောက်ချင်ယောင်ဆောင်နေပါကြောင်း ထင်ရှားလာပါလေ၏။
မကင်းရာမကင်းကြောင်းမို့ “နာရေး”အိမ်သို့ခေတ္တမျှသွား၊အကူငွေ ထည့်ဝင်၊ရေနွေးကြမ်း၊ကွမ်းယာ၊ဆေးလိပ်ကလေး သုံးဆောင်ပြီး ယောင်ပေပေ ဖြင့်ပြန်လာသော “နာရေး”များလည်း မနည်းတော့။ “အသုဘ”မြေချရက်ရောက်ပြန်တော့ နီးစပ်ရာသုဿန် လိုက်ပို့၊ကျန်ရစ်သူများပေးသည့် ရေသန့်တို့၊အချိုရည်ဗူး တို့၊ဆပ်ပြာတို့ယူပြီး ပြန်ခဲ့သည့်“အသုဘ”လည်း မနည်းတော့။
အမှန်က “ကြောင်” ၏ရှေ့တွင် မသေမီ ကစားခြင်းကို ခံနေရသည့် “ကြွက်ငယ်” ပမာ “မရဏသေမင်း” က ခန္ဓာရှိသော သတ္တ၀ါတိုင်းကို ခြောက်လှန့်နှိပ်စက်လျှက် ရှိနေပါသော်လည်း (ကျွန်တော် အပါအ၀င် ) အကြင်လူသား သည် မကြောက်တတ်ကြပါ။“တရားသဘော၊ ဘယ်သို့ဟောလည်း လိပ်ကျော ကြောင်ကော်၊ပြောင်ချော်ချော် နှင့်” ဆိုသကဲ့သို့ သေခြင်းတရားကိုမကြောက်ပါ။ “ကြောင်”အလစ်မှာ ထွက်ပြေးချင်သည့် “ကြွက်ကလေး”လို သေရမှာ ကြောက်ချင်ယောင်ဆောင်နေခြင်းပင်ဖြစ်ပါ၏။
သေရမည် ကိုမကြောက်ဘဲ ကြောက်ချင်ယောင်ဆောင်၍ တရားအားထုတ်နေကြသည့် သူများကိုလည်း သံဝေဂယူစရာတွေ့မြင်နေရတတ်ပါသည်။
ရိပ်သာတွေလည်းများပေါ့။ ဆရာ သမားတွေလည်းများလှပေါ့။တရားစခန်းဝင်သည့် အကြိမ်တွေလည်း များလှပေါ့။အမှန်တကယ် သံဝေဂအသိဉာဏ် ရ၍တရားအားထုတ်သည်ကားမဟုတ်။ ထိုသူတို့မှာ နှုတ်ဖျား က “သောတာပတ္တိဉာဏ်”အဆင့် ပြောနေသော်လည်း ကိုယ်အမူအရာ၊စိတ်အမူအရာ ၊နှုတ်အမူအရာကိုပင် မထိန်းသိမ်းနိုင်ရှာပါ။
“အနာဂါမ် ဖြစ်တာကြာပေါ့” ဆိုသူကိုလည်း တွေ့ဖူးပါ၏။အိပ်ယာခင်း က အစ ကော်ဖီပန်းကန် အဆုံး အလှချင်းပြိုင်နေကြဆဲသာ။
“အယူမှားဒိဋ္ဌိ” ကို မပယ်နိုင်၍ “သက္ကာယ”ကိုပင် အမှန်မမြင်ဘဲ ရုပ်နာမ် ကို “ငါ”ထင်နေဆဲသာဖြစ်ပါ၏။ဘုရား၊တရား၊သံဃာ စစ် ကိုမဆန်းစစ်နိုင်သောကြောင့်“၀ိစိကိစ္ဆာ”(သို့လော၊သို့လော)များစွာဖြင့် ဘုရားတု၊တရားတု၊သံဃာတု ကိုမှ အထင်ကြီးဆဲ၊ကိုးကွယ်နေဆဲသာ။
အကျင့်ဆန်းများ၊ဂါထာများ၊(၉)န၀င်း အဓိဋ္ဌာန် များကို ရွတ်ရ ဖတ်ရ ကျင့်သုံးရမှ စိတ်ကြည် သည် ဆိုသည်ကလည်း“သီလဗ္ဗတ ပရာမာသတရား”တွေ မပယ်နိုင်သေးကြောင်း သိသာ ထင်ရှားစေပါ၏။
ခန္ဓာ ဒုက္ခ ကိုကြောက်သည့် သံဝေဂ မပါ၊သံသရာမှာ အကြိမ်ပေါင်းများစွာ သေရမှာ မကြောက်သူများသည် တရားအားထုတ်ကြသောအခါ တရားဘက် စိတ်မရောက်တော့ဘဲ အပြိုင်အဆိုင်ဘက် စိတ် ရောက်သွားတတ်ခြင်း ပင်ဖြစ်ပါ၏။သားရေး သမီးရေး၊ရာထူးရာခံ၊စီးပွားရေး စသည်များ အရပ်ထဲတွင် ပြိုင်ရသည်မှာရိုးလာ၍ တရားအလုပ်တွင် ဆရာ လည်းပြိုင်၊တရားဟောခြင်းလည်းပြိုင်၊ရိပ်သာချင်းလည်းပြိုင်၊ ရိပ်သာတွင်း အစားအသောက် အနေအထိုင်ခြင်းလည်းပြိုင်နေကြခြင်းမှာ သေမှာမကြောက်သူတို့၏ လုပ်ပင်ဖြစ်နေလေတော့၏။
“၀ိပဿနာ အားထုတ်ဖို့လား၊ဖြည်းဖြည်းပေါ့၊”
“သီလ လဲ အရေးမကြီးပါဘူးဗျာ။တရားထိုင်နေရင် အားလုံးပြည့်စုံသွားမှာပါ”
“စီးပွားဥစ္စာ ဆိုတာ ရတုန်းရှာရတာ၊ မယားမျက်နှာ ကြည်သာဖို့က လိုသေးတယ်၊ တရား ကနေပါဦး။ ခုချက်ချင်းလည်း မသေနိုင်သေးပါဘူးလေ”
“ဘုရားဟော ထားတာပဲဗျ။ သန္တတိ အမတ်ကြီး လေ၊ အရက်နံ့တောင် ပါးစပ်စွဲနေတုန်းပါ။ တရားတစ်ကြိမ် နာလိုက်တာနဲ့ ရဟန္တာဖြစ်တယ်၊ အထိန်းတော် ခုဇ္ဇုတ္တရာ ဆိုရင် အသွားမှာ သူခိုးမလေး၊ အပြန်မှာ သောတာပန် ဖြစ်လာတာ ကြည့်လေ။ဝိပဿနာ အားထုတ်ပြီး ပညာ နဲ့ဆေးလိုက်ရင် ခဏလေးနဲ့ပြည့်စုံသွားမှာပါ။ ထမင်းအဆာ ခံ၊ကာမဂုဏ်တွေပစ်ပယ်ပြီး သီလ စောင့်ထိန်းနေစရာမလိုပါဘူး” စသဖြင့် ဆင်ခြေပေးကြပြန်ပါ၏။
ဝိပဿနာ အားထုတ်လျှင် သီလ ပါ လုံခြုံသွားလိမ့်မည် ဟူသော မပြည့်စုံသည့် အဆိုအမိန့်တစ်ခု ကို အသေဆုပ်ကိုင်၍ လက်တွေ့ဘ၀ထဲတွင် သီလ အပျက်ခံပြီး သားစာ ၊မယားစာ ရှာဖွေနေကြပြန်သည်။ကာယကံက မယဉ်ကျေး၊၀စီကံ ကိုလည်း မထိန်း၊မနော ကံ ကိုတော့ “လူသိနိုင်တာ မဟုတ်ပါဘူးကွာ” ဟုဆို၍ ထိန်းရကောင်းမှန်းပင်မသိ။ထိုသူတို့က တရားအားထုတ်သည့်အခါတွင် ဖော်ပြပါ သန္တတိ အမတ်ကြီးတို့၊ခုဇ္ဇုတ္တရာ တို့လို ပါရမီဉာဏ်ကြီး၊(ဥ ဂ္ဃဋိတညူ)အဆင့်ရှိနေလျှင်တော့ သာဓု အကြိမ်ကြိမ်ခေါ်လိုက်ပါမည်။
“သံသရာမှာ အနည်းဆုံး (၇)ဘ၀ သာ အသေခံမယ်” ဆိုသော သေခြင်းတရား ကိုဉာဏ်ဖြင့်ကြောက်၍ သံဝေဂဉာဏ် ထူထောင်ရပါမည်။သေခြင်းတရားကင်းရာ နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်အာင် ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားညွှန်ပြတော်မူခဲ့သည့် သတိပဋ္ဌာန်လေးပါး ကိုစွမ်းစွမ်းတမံ အားထုတ်ကြရပါမည်။
“မေ့လျော့စွာနေခြင်း သည် သေခြင်းပင်”ဖြစ်ပါ၏။ မမေ့မလျော့ သတိဖြင့်နေခြင်းသည်သာ သေခြင်းကင်းရာ နိဗ္ဗာန် ကိုမျက်မှောက်ပြု၍နေကြသူများဖြစ်ပါ၏။ သေရမှာ တစ်ကယ်ကြောက်ရိုးမှန်လျှင် မမေ့မလျော့သော သတိဖြင့်နေပါက သေခြင်း မှ လွတ်ကင်းနိုင်သည်။ သတိ နှင့်နေခြင်း ဟူသည်မှာ“၀ိပဿနာတရား” ရှုမှတ်နေခြင်းပင်ဖြစ်ပါ၏။
“၀ိပဿနာ တရား” ကို အစပိုင်းတွင် အမှတ်ကြဲ သော်လည်း အမှတ်မြဲ အောင်အားထုတ်ရပါမည်။အမှတ်မြဲ မှ မိမိတို့၏ဉာဏ် တွင် အသိစွဲပါမည်။ယခင် က သတိလက်လွတ်လုပ်နေလေသမျှ ယခုအခါ အမှုကိစ္စတိုင်း အမှတ်သတိ ပါလာသဖြင့် သတိပဋ္ဌာန်တရားနှင့်နေသူ ဟု ဆိုနိုင်ပါသည်။ ဣရိယာပုတ်လေးမျိုးစလုံး မှာ စွမ်းနိုင်သမျှ သတိကပ်ပြီး လှုပ်ရှားဆောင်ရွက်ဖို့သာ လိုရင်းဖြစ်ပါ၏။
“သတိ” ကိုဆောင်ထားရခြင်း သည် ၀န်ထုပ် ၀န်ပိုးလို ရွက်ထားရသည်မဟုတ်၊ထမ်းထားရသည်မဟုတ်၊အခကြေးငွေ ပေးနေရသည် မဟုတ်၊အလုပ်အကိုင်ပျက် စေသည့် အပိုအလုပ်မဟုတ်၊ အကျိုးမဲ့ အလုပ် မဟုတ်။နိဗ္ဗာန် တိုင်အောင်အကျိုးပေးကြီးမားလေသည့် သတိပဋ္ဌာန်တရား စစ်စစ်ဖြစ်ပါသည်။
“သံသရာ” မှာ အကြိမ်များစွာ ခံစားခဲ့ရ၊နောင်လည်းခံစားရမည့် ခန္ဓာ့ဒုက္ခကို သံဝေဂဉာဏ် ဖြင့် ဆင်ခြင်၍ အမှန်တကယ် ကြောက်ရိုးမှန်လျှင် “သီလ” စောင့်ထိန်းဖို့လည်း တိုက်တွန်းနေစရာမလို။ “၀ိပဿနာတရား”အားထုတ်ဖို့လည်း အော်ပြောနေစရာအကြောင်းမရှိ။အသိကိုယ်စီဖြင့် ကြိုးစားရမည်သာဖြစ်ပါ၏။
ခန္ဓာ့ဒုက္ခ သေခြင်းတရား ကို အမှန်လည်းမကြောက်။ဉာဏ်ဖြင့်လည်း မကြောက်ကြဘဲ-
“မာယာကြောက်၊တဏှာ ကြောက်၊ဘယာ ကြောက်”တို့ဖြင့် ကြောက်ချင်ယောင်ဆောင်နေကြခြင်းကို ဓမ္မသံဝေဂယူတော်မူကြစေလိုပါသည် ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့။
ရေးသားပြီးစီး။ ။ ၁၃၇၆ခုနှစ်၊၊ပြာသိုလဆန်း၊ (၅)ရက်၊(၂၅-၁၂-၂၀၁၄)၊ကြာသပတေးနေ့-(နေ့လည်-၁၀း ၃၅)
ချမ်းသာပါကြစေ၊အေးငြိမ်းကြပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်နိုင်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ
(ကိုညီညီတင်)
(09-445108754)
No comments:
Post a Comment