အထက်ဆရာကြီးတွေကိုးကွယ်သူဟာ သီလဗ္ဗတုပါဒါန်ဖြစ်နိုင်ပါသလား
ဒကာ။ ။ ဥပါဒါန်တရားလေးပါးထဲမှာ သီလဗ္ဗတုပါဒါန်ဆိုတာနဲ့ စပ်ပြီးတော့
အထက်ဆရာကြီးတွေ ၀ိဇ္ဇာဓိုရ် ထွက်ရပ်ပေါက်ဆရာကြီးတွေ၊ နတ် သိကြား
ဗြဟ္မာကြီးတွေကို ချမ်းသာအောင် စီမံဖန်တီးပေးနိုင်တဲ့ ကယ်တင်ရှင်အနေနဲ့
ကိုးကွယ်ဆည်းကပ်နေတဲ့သူတွေဟာ သီလဗ္ဗတုပါဒါန်ထဲမှါပါဝင်တဲ့ အယူအစွဲ
မိစ္ဆာဒိဋ္ဌိတွေပဲလို့ ပြောဆိုငြင်းခုံနေကြတာ မှန်ပါသလား ဆရာတော်၊ ဒီပြဿနာက
တော်တော်ကြီးထွားနေတယ် ဘုရား၊ ဖြေကြားပါဦး။
ဆရာ။ ။ အင်း… သီလဗ္ဗတ အယူအစွဲ ဥပါဒါန်တရားက အရာကျယ်တယ်၊ ကျွဲလို နွားလို
ခွေးလို တိရစ္ဆာန်တို့၏ အနေအထိုင် သွားလာစားသောက်ပုံတွေကို သဘောကျ နှစ်သက်ကာ
ယင်းတို့၏ အလေ့အထကို အတုယူ၍ ကျင့်ခြင်းမျိုး၊ ယင်းတို့၏ ရုပ်ပုံနှင့်
ယင်းတို့ကို ကိုးကွယ်ခြင်းမျိုး။
ဒကာကြီးတို့ လျှောက်ထားခဲ့တဲ့
အထက်ဆရာကြီးတွေနဲ့ ထွက်ရပ်ပေါက်ဝိဇ္ဇာဓိုရ်ကြီးတွေ နတ်သိကြား
ဗြဟ္မာကြီးတွေကို ချမ်းသာသုခ ဖန်ဆင်းပေးနိုင်ခဲ့တဲ့သူတွေပဲဟု ယုံကြည်စွာ
ကိုးကွယ်ဆည်းကပ်ပူဇော်ခြင်းဖြင့် ဒုက္ခဆင်းရဲမှ လွတ်မြောက်ပြီး
ချမ်းသာသုခတွေ ရရှိသွားနိုင်တယ်ဟု အားထား ယုံကြည် ကိုးကွယ်တာမှန်သမျှ
သီလဗ္ဗတပရာမာသဒိဋ္ဌိတွေချည်းဖြစ်လို့ သီလဗ္ဗတုပါဒါန်တွေချည်းသာ မှတ်ပေတော့၊
နောက်ထပ်မမေးနဲ့၊ ပညာရှိမှန်ရင် လက်ခံလိမ့်မယ်။
အဲဒါမှ မကျေနပ်သေးရင် စာပေတတ်သိတဲ့ တကယ့်ပညာရှိဆရာတော်များထံ
ချဉ်းကပ်မေးမြန်းဦးပေါ့၊ စာပေမတတ်တဲ့ ဖြန်းဖြီးဆရာ၊ ဒကာ ဒကာမကို
အလိုလိုက်ပြီး အားနာပါးနာနဲ့ ညာဝါးစားနေတဲ့ သူမျိုးတွေဆီကို တော့
သွားမနေနဲ့၊ အဲဒီရောက်ရင် ပွဲပြင်၊ ပွဲထိုးနဲ့ ပျက်မယ့်သာကြံရော့ပဲ၊
ဒါအမှန်အတိုင်း ပြောတာ၊ သူတို့ကို နှိမ်ချကဲ့ရဲ့သာ မဟုတ်၊ ကိုယ်ကြိုက်ရာကို
လွတ်လပ်စွာ ကိုးကွယ်နိုင်တာပဲဟာ။
ဒကာ။ ။ ပဏ္ဍိတာနဉ္စ သေ၀နာ မင်္ဂလာနဲ့အညီ နေပါမည်ဆရာတော်၊ တင်းတင်းရှင်းရှင်း
ဖြေကြားပေး လို့ ကျေးဇူးတရားတွေကို မမေ့နိုင်တော့ပါဘူး ဘုရား၊ ဒါပေမယ့်
အိမ်က ဒကာမကြီးကတော့ အင်္ဂါနေ့တိုင်း ပွဲထိုးနေတာပဲ၊ ဘာအကျိုးမှလည်း မရှိဘူး။
ဆရာ။ ။ အကျိုးရှိပါတယ် ဒကာကြီးတို့ရ၊ အိမ်က ကလေးတွေ ငှက်ပျောသီးစားရတာပေါ့။
http://www.thamameggin.blogspot.comမှတဆင့်ခံစားတင်ပြသည်
No comments:
Post a Comment