တစ်ခါသော် ရဟန်းသုံးဦးတို့ သည် လမ်းသုံးလမ်းဖြင့်
ဗုဒ္ဓထံအရောက်သွားကြရာ ပထမတစ်သုတ်သည်
ရွာတစ်ရွာ၌ ထူးခြားသော သေခြင်းတစ်ခုကို တွေ့ ကြရ၏။
ရွာကိုမီးလောင်ရာ မြက်ခြောက်ကွင်းတစ်ကွင်းသည်
မီးလောင်ရင်းတန်းလန်း လေ၏အဟုန်ဖြင့် ကောင်းကင်သို့ 
တက်သွားကာ ကောင်းကင်တွင် ပျံသန်းနေသော ကျီးများအနက်
တစ်ကောင်သောကျီး၏ ဦးခေါင်းကို စွပ်မိသဖြင့် ထိုကျီးမှာ
ကောင်းကင်မှာပင် မီးလောင်ပြီး သေဆုံးခဲ့ရသည်။
နောက်တစ်ခုသည်ကား သဘောင်္တစ်စီးဖြင့် ရေလမ်းကို
ဖြတ်ကြရသည်။ သမုဒ္ဒရာထဲရောက်သောအခါ သဘောင်္သည်
စက်ချွတ်ယွင်းမှုမရှိဘဲ မောင်းမရဖြစ်သွားလေသည်။
နည်းမျိုးစုံဖြင့် ရွေ့ လျားအောင် ကြိုးစားကြသော်လည်း
သင်္ဘောကား တုပ်တုပ်မျှမလှုပ်။
အတွေ့ အကြုံရှိသော လှေသူကြီးက သင်္ဘောပေါ်ရှိ
လူအားလုံးကို လူယုတ်မာမဲစာရင်းချသည်၊
မဲလိပ်တစ်လိပ်တွင် လူယုတ်မာဟု ရေးပြီး ကျန်မဲလိပ်များကိုကား
ဗလာထားကာ လူအားလုံး နှိုက်ယူကြသည်။
ဗလာကျမှ အသက်ဘေးက လွတ်မည်။ လူယုတ်မာ
မဲစာရင်းကျသူကား ပင်လယ်ထဲပစ်ချပြီး အသတ်ခံ
ရမည်ဖြစ်သည်။ ထို့ ကြောင့် ရဟန်းတော်များအပါအ၀င်
လူအားလုံး မဲနှိုက်ကြရသည်။
ထူးခြားသည်ကား ထိုတစ်လိပ်တည်းသော
သူယုတ်မာမဲကို ချောချောလှလှ နုနုငယ်ငယ်
လှေသူကြီးကတော်ချည်း သုံးကြိမ်တိုင်တိုင် နှိုက်မိခြင်းပါတည်း။
သင်္ဘောသားများက အိုးတစ်လုံးထဲတွင် သဲများကို
အပြည့်ထည့်လိုက်ကြသည်။ ပြီးလျှင် ကြိုးတစ်ချောင်းကိုယူ၍
တစ်စကို အိုးလည်ပင်းမှာချည်၊ ကျန်တစ်စကို
ကြောက်လန့် တကြား ငိုယိုရုန်းကန်နေသော
လှေသူကြီးကတော်၏ လည်ပင်းမှာချည်ကာ ပင်လယ်တွင်းသို့ 
ပစ်ချလိုက်တော့သည်။
အံ့သြစရာကောင်းသည်ကား လှေသူကြီးကတော်
ပင်လယ်ထဲကျသွားသည်နှင့် သင်္ဘောကြီးသည်
လေးညှို့မှပစ်သော မြားကဲ့သို့  လျှင်မြန်စွာ
ထွက်ခွာသွားခြင်းပါတည်း။
တတိယမြောက် ၇ ပါး ရဟန်းစုသည်ကား တောလမ်း
ခရီးဖြင့် လာခဲ့ကြသည်။တောကျောင်းတစ်ကျောင်းသို့ 
ရောက်ချိန်တွင် ညဥ့်နက်သွားသဖြင့် တစ်ညတာ
တည်းခိုခွင့်ပြုရန် တောရဘုန်းကြီးကို ခွင့်တောင်းကြသည်။
တောရဘုန်းကြီးက အသင့်ကျိန်းစက်၍ရသော
အနီးအနားမှ ကျောက်လှိုဏ်ဂူကြီးတစ်ဂူကို ညွှန်ပြလိုက်သည်။
လိုဏ်ဂူထဲတွင် မောမောနှင့် ကျိန်းစက်လိုက်ကြရာ
မိုးမလင်းမီမှာပင့် ကြီးမားသော ကျောက်တုံးကြီးတစ်တုံး
တောင်ပေါ်မှ လိမ့်ကျလာပြီး လိုဏ်ဂူကို ပိတ်သွားသည်။
လိုဏ်ဂူကို ကျောက်တုံးကြီးပိတ်သွားသောအသံကို
ကြားရသဖြင့် တောရဘုန်းကြီးသည် အနီးအနားရွာမှ
လူများကိုခေါ်ကာ တစ်နေကုန် တစ်နေခန်း
ကျောက်တုံးကြီးကို ဖယ်ထုတ်ကြလေသည်။ လူများ
ရာနှင့်ချီကာ ၀ိုင်းဝန်းဖယ်ထုတ်ကြသော်လည်း
ခြောက်ရက်ကြာသည်အထိ ကျောက်တုံးကြီးကား
တုတ်တုတ်မျှမလှုပ်။
(၇) ရက်ပြည့်သောနေ့ တွင်ကား မည်သူမျှ မဖယ်ရှား
ရပါဘဲနှင့် ကျောက်တုံးကြီးသည် သူ့ အလိုအလျောက်
ပွင့်ကျသွားလေသည်။ အထဲသို့ ဝင်ကြည့်ကြသောအခါ
ရဟန်းတော် ခုနစ်ပါးမှာ အသက်မသေကြသေးသော်လည်း
အစာရေစာပြတ်မှုဒဏ်ကို အတော်ခံလိုက်ရသဖြင့်
အရိုးပေါ်အရေတင် ယဲ့ယဲ့သာကျန်တော့သည်။
နာလန်ထူအောင် အတော်ဆေးကုသပြီးမှ ဘုရားရှင်
ထံမှောက်သို့  ရောက်အောင်လာနိုင်ခဲ့ကြသည်။
ဖြစ်ရပ်သုံးခုကား ဗုဒ္ဓ၏ ပြန်လည်ဟောကြားချက်ကြောင့်
သိကြရသည်မှာ -
- ကောင်းကင်တွင် မီးကွင်းစွပ်မိကာ သေရသောကျီးမှာ
အတိတ်ဘ၀တစ်ခုက လယ်သမားတစ်ဦးဖြစ်ခဲ့၏။
တစ်နေ့ တွင် နွားတစ်ကောင်သည် လယ်မထွန်ချင်သဖြင့်
မြေကြီးပေါ်လှဲအိပ်ပြီး ပေကပ်နေသည်။ ဘယ်လိုရိုက်ရိုက်
မထပေ။ ထိုအခါ လယ်သမားသည် စိတ်ဆိုးပြီး
ကောက်ရိုးကွင်းကြီးလုပ်ကာ နွားလည်ပင်းကို
စွပ်ပေးလိုက်သည်။ ပြီးလျှင် ထိုကောက်ရိုးကွင်းကြီးကို
မီးရှို့ လိုက်ရာ အရှိန်များသဖြင့် နွားကြီးမှာ လည်ပင်းမီးလောင်ပြီး
သေသွားသည်။ ထိုအကုသိုလ်ကြောင့် ကောင်းကင်မှာ
ပျံနေသော်လည်း မီးကွင်းစွပ်မိကာ သေရခြင်းဖြစ်သည်။
လှေသူကြီးကတော်သည် အတိတ်ဘ၀တစ်ခုက
အမျိုးသမီးတစ်ဦးဖြစ်ခဲ့သည်။ ထိုဘ၀က ခွေးထီးတစ်ကောင်သည်
သူမအပေါ်ချစ်ခင်နှစ်သက်သော စိတ်အားကြီးသောကြောင့်
သူမသွားရာနောက်သို့  တကောက်ကောက်လိုက်နေသည်။
ထိုခွေးသည် ဘ၀တစ်ခုက သူမ၏ လင်ယောက်ျား
ဖြစ်ခဲ့ဖူးသောကြောင့်ဖြစ်သည်။
ထိုအခါလူငယ်များက ခွေးမုဆိုးမကြီးလာပြီ စသည်ဖြင့်
စကြ နောက်ကြသည်။ သူမသည်ရှက်သဖြင့် ထိုခွေးကို
ရိုက်နှက်မောင်းနှင်၏။ ခွေးသည် ရိုက်တုန်းခဏသာ
သွားသည်။ ပြီးလျှင် ပြန်၍သာ လိုက်ပြန်သည်။
ဒေါသဖြစ်လာသော အမျိုးသမီးက တစ်နေ့ တွင်
ခွေးကို မြစ်ဆိပ်သို့ ခေါ်သွားသည်။
အကြောင်းမသိသောခွေးကား သူ့ ကို အရေးတယူ
ခေါ်ငင်သည်ကို ၀မ်းသာအားရဖြစ်လျက်
ပျော်ရွှင်မြူးတူးစွာ လိုက်သွားသည်။ မြစ်ဆိပ်
တံတားပေါ်ရောက်သောအခါ အိုးတစ်လုံးထဲ
သဲအပြည့်ထည့်လိုက်သည်။ ပြီးလျှင် ကြိုးတစ်ချောင်း၏
အစတစ်ဖက်ကို အိုးလည်ပင်းမှာချည်၊ ကျန်အစတစ်ဖက်ကို
ခွေးလည်ပင်းမှာချည်ကာ မြစ်တွင်းသို့ ပစ်ချသတ်ခဲ့လေသည်။
ထိုအကုသိုလ်ကံကြောင့် ယခုဘ၀တွင် ပစ်ချအသတ်ခံရခြင်း
ဖြစ်သည်။
လိုဏ်ဂူထဲတွင် ကျောက်တုံးကြီး ပိတ်ဆို့ ခံကြရသော
ရဟန်းတော်ခုနစ်ပါးသည်လည်း အတတ်ဘ၀တစ်ခုက
နွားကျောင်းသား ခုနစ်ယောက် ဖြစ်ခဲ့ဖူးသည်။
တစ်နေ့ တွင် ဖွတ်တစ်ကောင်ကို လိုက်ကြရာ ကျင်းထဲဝင်
သွားသဖြင့် မမီကြတော့ပေ။ ထိုကျင်းကိုတူးရန်အတွက်
မူလအပေါက်နှင့် ဂယ်ပေါက်များကို လိုက်ပိတ်ကြသည်။
ထိုအချိန်မှာပင် မိုးချုပ်သွားသဖြင့် နောက်နေ့ မှ
ဆက်တူးကြရန် ပြန်ခဲ့ကြသည်။
နွားကျောင်းသားခုနစ်ယောက်သည် တခြားကစားနည်း
များဖြင့် ပျော်ပါးနေကြသည်။ ဖွတ်ကျင်းတူးရန်
ခုနစ်ရက်တိတိ မေ့နေကြသည်။ ခုနစ်ရက်ပြည့်သောအခါ
တွင်မှ ဖွတ်ကျင်းကိုတူးရန် သတိရကြပြီး
အားလုံးရောက်လာကြသည်။
ပိတ်ထားခဲ့ကြသော အပေါက်များကို ဖွင့်ပစ်လိုက်ကြစဉ်
ခုနစ်ရက်တိတိ အစာရေစာပြတ်နေသော ဖွတ်ကြီးသည်
အရိုးပေါ်အရေတင်ဖြစ်ကာ တုန်တုန်ချိချိ ဖြည်းညင်းစွာ
ထွက်လာလေသည်။ ညှိုးနွမ်းပိန်ချိနေသော ဖွတ်ကြီးကို
ကြည့်ကာ နွားကျောင်းသားများ သနားသွားပြီး
မသတ်တော့ဘဲ လွတ်ပေးလိုက်ကြသည်။
ဖွတ်ကြီးကို ကျင်းထဲတွင် (၇) ရက်ပိတ်ခဲ့သော
အကုသိုလ်ကြောင့် ယခုဘ၀တွင် ကျောက်တုံးကြီးက
ဖွတ်ကြီးကိုယ်စား (၇) ရက်တိတိလာပိတ်ခြင်းဖြစ်သည်။
ထိုထူးခြားသော ဖြစ်ရပ်သုံးခုကို အကြောင်းပြု၍
ဗုဒ္ဓက -
ကောင်းကင်၌ တည်သောသူ၊
သမုဒ္ဒရာအလယ်၌ တည်သောသူ၊
ကျောက်လိုဏ်ဂူအတွင်း၌ တည်သောသူ၊
ဖြစ်သော်လည်း သူပြုခဲ့ဖူးသော
အကုသိုလ်၏ ဆိုကျိုးမှ မလွတ်နိုင်။
အကုသိုလ်ဆိုးကျိုးမှ လွတ်မြောက်ရာ
နေရာဌာနဟူ၍ မရှိချေ။
အရှင်ဇ၀န (မေတ္တာရှင် – ရွှေပြည်သာ)
(သီလအစွမ်း အံ့မခန်း မှ)

No comments:
Post a Comment