Monday, January 19, 2015

ဘယ်ကျောင်းနေမလဲ မောင်ရေခဲ။ (ဝေဖန်ရေးသားပေးစေချင်ပါသည်။)

        စာသင်ကျောင်းကြီး နှစ်ကျောင်းရှိတယ် ဆိုပါစို့။ ပထမကျောင်းက “ ငါတို့ကျောင်းမှာ လာ
နေပါ။ ငါတို့ကို လေးစားအားကိုးပါ။ သင့်မှာ ဘယ်လိုချွတ်ယွင်းချက်တွေ ရှိနေနေ၊ သင် ဘာတွေမှ
အထွေအထူး မကြိုးစားလည်း ကိစ္စမရှိဘူး၊ အချိန်တန်ရင် သင့်ရဲ့ချွတ်ယွင်းချက် မှန်သမျှကိုလည်း

ဖယ်ရှားပေးမယ်။ ဘွဲ့ဒီဂရီတွေလည်း ရစေမယ်။ ရာထူးဂုဏ်ရှိန် စည်းစိမ်ဥစ္စာတွေနဲ့လည်း ပြည့်စုံ
စေရမယ် ” လို့ အာမခံ ကြွေးကြော်ထားတဲ့ ကျောင်းကြီး (ပထမ) ပေါ့။
         နောက်တစ်ကျောင်းကတော့ “ ကြိုးစားဖို့က သင်တို့တာဝန်ဖြစ်တယ်။ ချွတ်ယွင်းချက်မရှိ
အပြည့်အ၀ သင်ကြားပေးဖို့ ငါတို့ကလုံးဝတာဝန်ယူတယ်။ သင်တို့ ကြိုးစားသလောက် မုချ အောင်
မြင်မှုရမယ်။ သင်ရဲ့ကြိုးစားမှု၊ သင်ရဲ့အစွမ်းအစနဲ့ပဲ အခက်အခဲဟူသမျှ ကျော်လွှားအောင်မြင်စေ
ရမယ်။ သင့်ရဲ့ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ လူသားဂုဏ်သိက္ခာ အားလုံးကို ငါတို့က တလေးတစား အသိ
အမှတ်ပြုတယ် ” လို့ အာမခံ ကြွေးကြော်ထားတဲ့ ကျောင်းကြီး (ဒုတိယ) ပေါ့။
     * “ဒီကျောင်းကြီး နှစ်ကျောင်းထဲက ဘယ်ကျောင်းမှာ (မောင်ရေခဲ) နေမလဲ” ပေါ့။ ယခုခေတ်
လူငယ်တွေဟာ အရာရာကို နှိုင်းယှဉ်စဉ်းစားတတ်ကြပါတယ်။
      * *  သဘောပေါက်ထားရမှာကတော့ ဗုဒ္ဓဘာသာဆိုတာ ဒုတိယကျောင်းကြီးမျိုး ဖြစ်ပါတယ်။
         ဗုဒ္ဓမြတ်စွာ အာမခံနိုင်တာကတော့ “ ချွတ်ယွင်းချက်မရှိအောင် အပြည့်အ၀ သင်ကြားပေး
မယ် ” ဆိုတဲ့အချက်ပါပဲ။ အောင်မြင်မှုက မြတ်ဗုဒ္ဓရဲ့ လက်ထဲမှာ မရှိပါဘူး။ ကြိုးစားအားထုတ်သူရဲ့
လက်ထဲမှာပဲ ရှိပါတယ်။ “ အတ္တာဟိ အတ္တနော နာထော= ကိုယ်ကိုယ်တိုင်သာ ကိုယ့်ရဲ့ကိုးကွယ်ရာ
ဖြစ်တယ် ” ဆိုတဲ့ “ လူသာပဓာန” ၀ါဒကို ဟောညွှန်တာဆိုလို့  မြတ်ဗုဒ္ဓတစ်ပါးသာ ရှိပါတယ်။ ဒါ
ကြောင့် ဗုဒ္ဓ၀ါဒဆိုတာ လူနဲ့ လူ့အခွင့်အရေး၊ လူ့ရဲ့ ကံ၊ ဉာဏ်၊ ၀ီရိယ စွမ်းအားနဲ့ လူ့တန်ဖိုး၊ လူ့
ဂုဏ်သိက္ခာတို့ကို အပြည့်အ၀ လေးစား အသိအမှတ်ပြုတဲ့ဝါဒ ဖြစ်ပါတယ်။
{ ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)၏ ဘယ်ကျောင်းနေမလဲ မောင်ရေခဲနှင့် အာခံတွင်းက ဖွားသူ
   များမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment