အာဇီဝမဋ္ဌကသီလ၌ ခြောက်ခုမြောက် သိက္ခာပုဒ်ပါ။
မြန်လိုပြန်ရင် ကြမ်းတမ်းသော စကားဟု အဓိပ္ပါယ်ရ၏။ ဖရုသဝါစာ၌ ဖရုသပုဒ်၊
ဝါစာပုဒ် ဟု နှစ်မျိုးပါဝင်၏။ ဖရုသကား ကြမ်းတမ်းသောစကား၊
ဝါစာ-ပြောဆိုခြင်း၊ထို့ကြောင့် ဖရုသဝါစာဆိုသည်မှာ “မြွေကိုက်ပါစေ၊
အသေဆိုးနှင့် သေပါစေ စသည်ဖြင့် မကြားကောင်းမနာသာ ရုန့်ရင်းကြမ်းတမ်းသော
စကားမျိုးကို ပြောဆိုမှုဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် သူတစ်ပါးတို့
အမုန်းပွားစေတတ်သော ကိုယ်အမူအရာအမျိုးမျိုး၊
နှုတ်အမူအရာအမျိုးမျိုးတို့ဖြင့် မခံသာအောင် ပြုတတ်သည့် မိုက်မဲကြမ်းတမ်းသော
စေတနာဆိုးကို ဖရုသဝါစာဟု ခေါ်၏။
ဤဖရုသဝါစာအရာ၌ ပြောဆိုသော စကားလေးမျိုးရှိ၏။ ထိုလေးမျိုးမှာ
၁။ နှုတ်ထွက်သာကြမ်း၍ စေတနာမကြမ်းသောစကား။
၂။ စေတနာကြမ်း၍ နှုတ်ထွက်မကြမ်းသောစကား
၃။ စေတနာလည်းကြမ်း၊ နှုတ်ထွက်လည်းကြမ်းသောစကား။
၎။ စေတနာလည်းမကြမ်း၊ နှုတ်ထွက်လည်းမကြမ်းသောစကားတို့ ဖြစ်သည်။”
၁။ နှုတ်ထွက်သာကြမ်း၍ စေတနာမကြမ်းသော စကားမျိုးဆိုသည်မှာ မိဘဆရာသမားများက
မိမိတို့သား သမီး၊ တပည့်တို့အား မြည်တွန်မောင်းမဲ ကျိန်ဆဲပြောဆိုသော
စကားမျိုးဖြစ်၏။ ထို့ မိဘ ဆရာသမားများက မိမိတို့၏ သားသမီး
တပည့်နောက်လိုက်တို့အား မြည်တွန်မောင်းမဲ ကျိန်ဆဲပြောဆိုရာ၌
ကောင်းကျိုးကိုလိုလား၍ မြည်တွန်ဆဲဆိုခြင်းဖြစ်သည့်အတွက်
နှုတ်ထွက်ကြမ်းသော်လည်း စေတနာမကြမ်းသော စကားမျိုးဖြစ်သောကြောင့် ဖရုသဝါစာ
မဖြစ်ပေ။ ဥပမာအနေဖြင့်
တစ်ချိန်သောအခါက သူငယ်တစ်ယောက်သည်
မိခင်ကြီးက တောထဲမသွားရန် တားမြစ်သည်ကို နားမထောင်ဘဲ တောထဲသို့ ထွက်သွား၏။
ထိုအခါ မိခင်ကြီးက “နင့်ကို ကျွဲရိုင်းမကြီး လိုက်ခတ်ပါစေ”ဟု
ကျိန်ဆဲလိုက်၏။ တောထဲသို့ ရောက်သည့်အခါ မိခင်ကြီးကျိန်ဆဲလိုက်သည့်အတိုင်း
ကျွဲရိုင်းမကြီးသည် ကလေးငယ်ကို လိုက်၍ ဝှေ့လေတော့၏။ ကလေးကယ်
ကျွန်ုပ်မိခင်ကြီး ကျိန်ဆဲသည့်အတိုင်း မဖြစ်ပါစေနဲ့၊ မိခင်ကြီး
ကျွန်ုပ်အပေါ် ထားတဲ့ စိတ်အတိုင်းသာ ဖြစ်ပါစေသားဟု သစ္စာဆိုလိုက်၏။
အဲဒီအခါမှာ ကျွဲရိုင်းမကြီးသည် တိုင်မှာ ကြိုးနှင့်ချည်လိုက်သကဲ့သို့
ရပ်တပ်ကာ ငြိမ်သက်သွားတော့၏။ ဤသည်ကို ထောက်ဆပါလျှင် မိဘတို့မှာ
သားသမီးများအပေါ် ဆဲဆိုကြိမ်းမောင်းရာ၌ နှုတ်ထွက်ကြမ်းသော်လည်း
စေတနာမကြမ်းသောကြောင့် ဖရုသဝါစာ မဖြစ်ကြောင်းထင်ရှား၏။
ထို့နည်းတူစွာ
ဆရာသမား၊ ခေါင်းဆောင်တို့မည်သည်လည်း တပည့်များအပေါ်၊ နောက်လိုက်များအပေါ်
အလိုမကျသည့်အခါတို့၌ စကားလုံးကြမ်းကြမ်းဖြင့် ပြောဆိုကြိမ်းမောင်းသော်လည်း
အတွင်းစိတ်ကမူ တကယ် နာစေလိုသော စိတ်စေတနာကြမ်းများမရှိပါပေ။
စာကြိုးစားစေလို၊ ပညာတော်စေလို၊ အမှားကို အမှန်ပြင်စေလို၊ အမှားကို
အမှားလိုမြင်စေလို၊ အမှန်ကို အမှန်လို မြင်စေလိုသော စိတ်ထားမျိုးသာ
ဖြစ်ပါတယ်။ ဒါကြောင့် မိဘ ဆရာသမား ခေါင်းဆောင်စသည်တို့မှာ တပည့် သားသမီး
နောက်လိုက်များ အပေါ် ဆဲဆိုကြိမ်းမောင်းရာ၌ နှုတ်ထွက်ကြမ်းတမ်းသော်လည်း
စိတ်ထားနူးညံ့သိမ်မွေ့သည့် အတွက်ကြောင့် ဖရုသဝါစာမဖြစ်ဟု (အဋ္ဌသာလိနီ အဋ္ဌကထာ)
စသည့်ကျမ်းများတွင် မိန့်ဆိုထား၏။
၂။ စေတနာကြမ်း၍
နှုတ်ထွက်မကြမ်းသော စကားမျိုးမှာ တရားသူကြီးက တရားခံကို သေမိန့်ချပုံ
ဖြစ်ပါတယ်။ သေမိန့်ချသည့်အခါမှာ အမိန့်ပေးသည့် စကားမျိုးပါ။ ရှင်ဘုရင်
တရားသူကြီးစသည်တို့က ရာဇဝတ်သားကို သေမိန့်ချသည့်အခါ သတ်စေလိုသော စိတ်ဖြင့်
“ဤရာဇဝတ်သားကို ချမ်းသာစွာ အိပ်ပါစေလော့”ဟု ပြောဆို အမိန့်ပေးလေ့ရှိ၏။
ဤစကားမှာ နူးညံ့ပျော့ပျောင်းသည့် စကားမျိုး ဖြစ်သော်လည်း စိတ်စေတနာက
ကြမ်းတမ်းသောကြောင့် ဖရုသဝါစာ ဖြစ်ပေတော့၏။
ကျန်နှစ်မျိုးကိုကား
မဖော်ပြတော့ပေ။ အချုပ်အားဖြင့် ပြောချင်တာက ဆဲရေးတိုင်းထွာတိုင်း ဖရုသဝါစာ
ကြမ်းတမ်းသော စကားမဖြစ်ဘူးဆိုတာကို ပြောချင်တာပါ။ ဗိုလ်ချုပ်အောင်ဆန်း၏
သမိုင်းတွင်ခဲ့သော မိန့်ခွန်းကို ကြားဖူးသူတိုင်း သိကြမှာပါ။
သေချာစိစစ်ကြည့်ကြပါ။ ဖရုသဝါစာ ဖြစ်၏-မဖြစ်၏ဆိုတာ ပေါ်လွင်ပါလိမ့်မယ်။
ခေါင်းဆောင်ကောင်းတို့မည်သည် မိမိတပည့် နောက်လိုက်အပေါ် စိတ်တိုင်းမကျ
အားမလို အားမရဖြစ်သည့်အခါမှာ ကြိမ်းမောင်း ပြောဆိုကြစမြဲပါ။ ကြိမ်းမောင်း
ပြောဆိုမှုတိုင်းကို ဖရုသဝါစာ ဖရုသဝါစာ (စကားလုံးကြမ်း) တွေနဲ့ ပြောရမလား
ဆိုရမလားဟူသော အတွေးအခေါ် မတိမ်သင့်ပါ။ သူ့အတွက်ပြောတာလား၊
ကိုယ့်အတွက်ပြောတာလား အများအတွက်ပြောတာလား ဆိုတာ အသေအချာ စိစစ်ကြပါဟု
အသိပေးလိုက်ရပါသည်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
No comments:
Post a Comment