သိကြားသာသနာဆိုတာ ဘာလည်းလို့ တွေးကြည့်ရင် သိကြားမင်းက စင်ပြိုင်တည်မဲ့ သာသနာလား၊ ဘုရားရှင်က သိကြားမင်းကို လွှဲခဲ့တာလား၊ ဘုရားရဲ့ သာသနာတော်ကို သိကြားမင်းက စောင့်ရှောက်တာလား ဆိုတဲ့မေးခွန်းသုံးခုထွက်တယ်။ သိကြားမင်းက သာသနာထောင်ရင် စစ်မှန်တဲ့သာသနာ ဟုတ်နိုင်ပါ့မလား? ဘုရားရဲ့အဆုံးမတိုင်းပဲ ဆုံးမမယ်ဆိုရင်လည်း သိကြားသာသနာလို့ ခေါ်ဖို့မလိုအပ်ပါ။ အရှင်သာရိပုတ္တရာလည်း ဘုရားအဆုံးမတိုင်းပဲ ဆုံးမတော်မူတာဖြစ်ပေမဲ့ သာရိပုတ္တရာသာသနာလို့ တခါမှ မကြားဖူးခဲ့ပါ။
ဒါဖြင့်
သိကြားမင်းကိုများ လွှဲခဲ့သလားဆိုတော့ ဒါလည်းမတွေ့ဘူးခင်ဗျ။ ဒေဝဒတ်က
ဘုရားဆီမှာ သံဃာထုကို သူ့ဆီလွှဲဖို့တောင်းတဲ့အခါ "ချစ်သား! အလိုမရှိပါနဲ့၊
ငါဘုရားဟာ သံဃာကို သာရိပုတ္တရာနဲ့ မောဂ္ဂလာန်ကိုတောင် မလွှဲပါဘူး။ ချစ်သား
အလိုမရှိပါနဲ့" ဟု တိုက်ရိုက်ပင် မိန့်တော်မူ၏။ နောက်ဆုံး
ပထမသင်္ဂါယနာကိုတင်၍ သာသနာကို အဓွန့်ရှည်အောင် စွမ်းနိုင်သည်ကို
မြင်တော်မူသဖြင့် ကိုယ်တော်တိုင်သုံးဆောင်နေသော သင်္ကန်းကို
ချီးမြှင့်ခြင်းခံရသော တတိယသာဝကကြီး ရှင်မဟာကဿပကိုပင်လျှင်
လွဲအပ်ခြင်းမရှိသောကြောင့် မြတ်စွာဘုရားရှင်သည် သိကြားမင်းကို
သာသနာလွှဲဖို့အကြောင်းမရှိပါချေ။
သိကြားမင်းကစောင့်ရှောက်တာလား ဆိုတာတော့ စောင့်ရှောင့်ပါတယ်။ သဟမ္ပတိဗြဟ္မာမင်းက တရားဟောရန်တောင်းပန်စဉ်က သိကြားမင်းလည်း လိုက်ပါလာပြီးနောက် သိကြားမင်းက "မြတ်စွာဘုရား တရားဟောတော်မူပါ။ အရှင်ဘုရားတို့က ဓမ္မစက်ဖြစ်ပါစေ တပည့်တော်က အာဏာစက်ဖြင့် စောင့်ရှောက်ပါမည်" ဟု ကတိပေးခဲ့ဖူးသည်။ ကတိအတိုင်းပင် သစ္စကကိုချွတ်သောအခါ လာရောက်၍ ကူညီလာ၏။ ထိုမျှမက ရှင်တော်ဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် အလျဉ်းသင့်သလို့ စောင့်ရှောက်ကြောင်း ကျန်းဂန်ထဲတွင် ပါဝင်လေသည်။ ဥပမာထုတ်ရလျှင် အရှင်နာဂသေနလောင်း နတ်သားကို စုတိရန် တောင်းပန်ရာတွင် စွမ်းစွမ်းတမံပါဝင်ခဲ့သည်။ ယခုသိကြားမင်းတော့ မဟုတ်ပါ၊ ကဿပမြတ်စွာဘုရား သာသနာကုန်ခါနီး လူတွေ ပျက်စီးလွန်းသောကြောင့် ဝိသကြုံနတ်သားကို အင်မတန်ကြီးမားသော ခွေးနက်အယောင်ဆောင်စေက ဇမ္ဗူဒိပ်တစ်ကျွန်းလုံး ကြားလောက်သော ကြောက်မက်ဖွယ်ရာအသံဖြင့် "သီလပျက် အကျင့်ပျက်တဲ့ ရဟန်းရှင်နဲ့ လူတိုင်းကို ငါစားမယ်" ဟုကြုံးဝါးကာ သာသနာကို စောင့်ရှောက်ခဲ့သည်။
သိကြားမင်းကိုယ်တိုင် သောတပန် ဗုဒ္ဓဘာသာဝင် ဖြစ်သောကြောင့် သာသနာကို စောင့်ရှောက်ရန်မှာ ဗုဒ္ဓဘာသာဝင်တိုင်း၏ တာဝန်ပင်ဖြစ်လေသည်။ ထိုမျှလောက် စောင့်ရှောက်ရုံဖြင့် နာမည်မတပ်သင့်ပါ။ သာသနာကို အကြီးကျယ်စောင့်ရှောက်ခဲ့သူမှာ ရှင်မဟာကဿပသာ ဖြစ်လေသည်။ အရှင်မြတ်သာ ပထမသင်္ဂါယနာကို မတင်ခဲ့လျှင် ယခုအချိန် ထေရဝါဒမှာ ကွယ်ပင်ကွယ်လောက်ပြီ။ သို့သော် ကဿပသာသနာဟု ဘယ်ကျန်းဂန်မှာမှမရှိပါ။
ထို့ကြောင့် သာသနာကို စောင့်ရှောက်ရန်မှာ ဗုဒ္ဓဘာသာဝင်တိုင်း၏ တာဝန်သာဖြစ်ပြီး သာသနာကို စောင့်ရှောက်ရုံမျှနှင့် သိကြားသာသနာဟု ခေါ်ဆိုသုံးနှုန်းခြင်းမှာ ဘယ်လိုမှ အပ်စပ်ခြင်းမရှိသောကြောင့် ရှောင်ကွင်း၍သာ ဟြေဆိုသုံးနှုန်းသင့်ပါကြောင်း။
(ဇော်ထက်မောင်)

No comments:
Post a Comment