ကံ = အလုပ်
ကံဆိုသည်မှာ ပါဠိဘာသာ “ကမ္မ” ကို မြန်မာဘာသာဖြင့် “ကံ” ဟုခေါ်၍ “ပြုလုပ်ခြင်း” ဟု အဓိပ္ပါယ်ရသည်။
ကိုယ်ဖြင့်လုပ်သောအလုပ် (ကာယကံ) ဆိုသည်မှာ တစ်စုံတစ်ယောက်ကို တုတ် ဖြင့်ရိုက်ခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊ လဲနေသူကိုထူပေးခြင်း၊ ကူညီမချီပေးခြင်းမျိုးကို ခေါ် သည်။
နှုတ်ဖြင့်ပြောဆိုသည့်အလုပ် (၀စီကံ) ဆိုသည်မှာ တစ်စုံတစ်ယောက်ကို ဆဲဆိုခြင်း “ရိုက်လိုက်” ဟုခိုင်းခြင်း၊ ချီးမွမ်းပြောဆိုခြင်း၊ “ကူညီမစလိုက်ပါဟု” ခိုင်းခြင်းမျိုးကို ခေါ်သည်။
စိတ်ဖြင့်ကြံတွေးသည့်အလုပ် (မနောကံ) ဆိုသည်မှာ တစ်စုံတစ်ယောက်ကို ရိုက် ရန်ကြံစည်ခြင်း၊ သူတစ်ပါးပစ္စည်းကို ခိုးရန်ကြံစည်ခြင်း၊ တစ်စုံတစ်ယောက်၏ ဂုဏ်ကျေးဇူး ကိုဆင်ခြင်အောက်မေ့ခြင်း၊ သူတစ်ပါးကို ကူညီရန်၊ ပေးကမ်းရန်၊ လှူဒါန်းရန် ကြံစည်နေ ခြင်းမျိုးကိုခေါ်သည်။
“စေတနာဟံဘိက္ခဝေ ကမ္မံ ၀ဒါမိ” လို့ ဘုရားရှင်က ဟောကြားခဲ့ပါတယ်။ အဓိပ္ပါယ် က ဘိက္ခဝေ - ချစ်သား၊ ချစ်သမီးတို့၊ စေတနာ - “စေ့ဆော်တဲ့သဘောတရား” ဆိုတဲ့ တရားကို၊ အဟံ - ငါသည်၊ ကမ္မံ - ပြုလုပ်ခြင်းဟူ၍၊ ၀ဒါမိ - ဆိုတယ်လို့ အဓိပ္ပါယ်ရပါတယ်။ စေတနာသည် စေ့ဆော်သောစိတ်ဟု ဆိုလိုသည်။ ဤစေ့ဆော်တက်ကြွသည့် စိတ် သဘောကြောင့်ပင် ကိုယ်ဖြင့်ပြုလုပ်မိ၏။ နှုတ်ဖြင့် ပြောဆိုမိ၏။ စိတ်ဖြင့် ကြံစည်တွေး တောဆင်ခြင်မိ၏။ ယင်းတက်ကြွထက်သန်သော စိတ်သဘော၊ စေတနာသည် ကိုယ်၊ နှုတ်၊ စိတ်အလုပ်များဖြစ်ပေါ်ခြင်း၏ အကြောင်းရင်းအခြေခံဖြစ်၏။
ဤမျှလောက်ဆိုလျှင် လူတို့စောင့်ထိန်းအပ်သော ငါးပါးသီလ ခံယူဆောက်တည်ရပုံ မိမိဆောက်တည်သော သီလ မြဲ/မမြဲ၊ ခိုင်/မခိုင်၊ ပျက်/မပျက်အား သိရှိနိုင်မည်ဖြစ်ပါသည်။ (အကျယ်ကို လိုလားသောသူတို့ နောက်ဆက်တွဲတွင် လေ့လာပါ။)
ငါးပါးသီလအား ဆောက်တည်စောင့်ထိန်းလျှင် ဒုစရိုက်ဆယ်ပါးကိုလည်း လုံခြုံစွာ တားဆီးနိုင်ပြီ ဖြစ်၏။ (ဒု = မကောင်းသော၊ စရိတ = စရိုက်၊ အကျင့်) အကုသလ ကမ္မပထ တရား (၁၀) ပါးလည်းခေါ်၏။ (အကုသလကမ္မ = အကုသိုလ်ကံ၊ ပထ = အပါယ် ရောက်ကြောင်းလမ်း) ထို့ကြောင့် အကုသိုလ်ကံ (၁၀) ပါးကို ဒုစရိုက် (၁၀) ပါးဟုလည်း ခေါ်၏။
ကာယဒုစရိုက် (၃) ပါး
၁။ ပါဏာတိပါတာ = သူ့အသက်သတ်ခြင်း။
၂။ အဒိန္နာဒါနာ = သူ့ဥစ္စာခိုးယူခြင်း။
၃။ ကာမေသုမိစ္ဆာစာရာ = သူတစ်ပါးအိမ်ရာ၌ ပြစ်မှားခြင်း။
ဝစီဒုစရိုက် (၄) ပါး
၎။ မုသာဝါဒါ = လိမ်လည်ပြောဆိုခြင်း။
၅။ ပိသုဏယ၀ါစါ = ကုန်းချော၊ ကုန်းတိုက်၊ သွေးထိုး၊ သွေးခွဲစကား
ပြောဆိုခြင်း။
၆။ ဖရုသ၀ါစါ = ရုန်ရန့်ကြမ်းတမ်းသောစကားပြောဆိုခြင်း။
၇။ သမ္ဖပ္ပလာပ = အနှစ်မပါ သိမ်ဖျင်းသောစကားပြောဆိုခြင်း။
မနောဒုစရိုက် (၃) ပါး
၈။ အဘိဇ္ဈာ = သူတစ်ပါးစည်းစိမ်ကို မိမိဥစ္စာဖြစ်လိုခြင်း။
၉။ ဗျာပါဒ = သူတစ်ပါး၌ ပြစ်မှားခြင်း (၀ါ) သူတစ်ပါးကို ပျက်စီးစေလိုခြင်း။
၁၀။ မိစ္ဆာဒိဋ္ဌိ = အယူမှားခြင်း။
၎င်းအကုသိုလ်ကံ (၁၀) ပါး (ဒုစရိုက် ၁၀ ပါး) ကို သဘောတူကိစ္စတူ၊ လက္ခဏာဟာရနည်းဖြင့် အကျဉ်းချုံကို ပေါင်းရုံးသော် ငါးပါးသီလကိုသာ ရ၏။ ပေါင်းရုံး သည့်နည်းမှာ ဗျာပါဒကံကို ပါဏာတိပါတကံ၌လည်းကောင်း (သူတစ်ပါးတို့ အသက်စည်း စိမ်သေကျေပျက်စီးရန် ကြံစည်ခြင်းဟူသော ဗျာပါဒကံသည် သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းဟူသည့် ပါဏာတိပါတာကံတွင် အကျုံးဝင်။)
အဘိဇ္ဈာကံကို အဒိန္နာဒါနာကံ၌လည်းကောင်း (သူတစ်ပါး၏ စည်းစိမ်ဥစ္စာကို မိမိစည်းစိမ်ဥစ္စာအဖြစ်သို့ရောက်ရန် ကြံစည်ခြင်းဟူသည့် အဘိဇ္ဈာကံသည် သူတစ်ပါး ဥစ္စာ ကို ခိုးဝှက်လုယူတိုက်ခိုက်ခြင်းဟူသော အဒိန္နာဒါနာကံတွင် အကျုံးဝင်။)
ပိသုဏယ၀ါစာ၊ ဖရုသ၀ါစာ၊ သမ္မပ္ပလာပ ကံကို မုသာဝါဒကံ၌လည်း (ချစ်ခင် ညီညွတ်သူတို့အား စိတ်ဝမ်းကွဲပြားအောင် ကုန်းတိုက်ပြောဆိုခြင်းဟူသည့် ပိသုဏ၀ါစာ မဟုတ်မမှန်သော မုသာစကားပင်ဖြစ်၏။ ဖရုသ၀ါစာဟူသည့် ကြမ်းကြုတ်စွာ ဆဲရေး တိုင်းတာသည့် စကားများကို ခွဲစိတ်ကြည်လျှင် မဟုတ်မမှန်သော မုသားစကားများဖြစ် ကြောင်းတွေ့ရမည်ဖြစ်၏။ သမ္ဖပ္ပလာပဟူသည့် သူတစ်ပါး၏ဂုဏ်သိက္ခာ ထိပါးစေမည့် အတင်းအဖျင်းစကားများ၊ သိမ်ဖျင်းသောစကားများ ပြောဆိုခြင်းသည်လည်း သေချာစိစစ် ကြည့်လျှင် မဟုတ်မမှန်သော အကြောင်းတရားများသာဖြစ်သဖြင့် မုသာဝါဒကံတွင် အကျုံး ၀င်။)
ငါးပါးသီလ စောင့်ထိန်းတဲ့သူဟာ အထက်တွင် ပေါင်းရုံးထားသည့် ကံငါးပါးကို မကျူးလွန်အောင် စောင့်ထိန်းရတာဖြစ်ပြီး မကောင်းမှုဒုစရိုက်ကံဟာ အပါယ်ငရဲသို့ လား ရောက်စေခြင်းစသည့် မကောင်းကျိုးပေးမည်ကို ယုံကြည်တဲ့အတွက် သီလစောင့်ထိန်းတာ ဖြစ်လို့ ငါးပါးသီလကို ခံယူဆောက်တည်ကတည်းက မိစ္ဆာဒိဋ္ဌိအယူကို ပယ်စွန့်ပြီးဖြစ်ပါ တယ်။ အဲဒီ ဒုစရိုက် (၁၀) ပါး (၀ါ) အကုသိုလ်တရား (၀ါ) အကုသလကမ္မပထတရားကို အုပ်စုဖွဲ့ရင် -
၁။ ကိုယ်တိုင်ကျူးလွန်တဲ့ ဒုစရိုက်က (၁၀) ပါး
၂။ သူတစ်ပါးကိုစေခိုင်းတဲ့ ဒုစရိုက်က (၁၀) ပါး
၃။ သူတစ်ပါးကိုအားပေးတဲ့ ဒုစရိုက်က (၁၀) ပါး
၎။ သူတစ်ပါးကျူးလွန်တာကို ၀မ်းသာတဲ့ ဒုစရိုက်က (၁၀) ပါး ရယ်လို့အပြား (၄၀) ရပါတယ်။
ဗုဒ္ဓ = မြတ်စွာဘုရား၊ ဓမ္မ = တရားတော်၊ သံဃ = သံဃာတော်တို့သည် မိမိတို့အား ဆင်းရဲခြင်းကို ငြှိမ်းပေးနိုင်သည်ဟု ထင်မှတ်ကာ အားကိုးရာ၊ အားထားရာ အနေဖြင့် ယုံကြည်ကိုးကွယ် ဆည်းကပ်သော သရဏဂုံ (၃) ပါးနှင့် ငါးပါးသီလ လုံခြုံစွာ စောင့်ထိန်းလျှင် ရှေ့ပိုင်းတွင် ရေးသားဖော်ပြခဲ့သည့်အတိုင်း စာဖတ်သူမိတ်ဆွေဟာ လူ တစ်ယောက်ဖြစ်ပြီဟု ဆိုနိုင်ပြီ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ရန်အတွက် အခြေခံ အကျဆုံးနှင့် အရေးကြီးဆုံးအချက်ဖြစ်တဲ့ သရဏဂုံနှင့် ငါးပါးသီလကို မဖြစ်မနေလုံခြုံ အောင် ဆောက်တည်စောင့်ထိန်းလိုက်နာရပါမယ်။ လူ၏သိက္ခာ ဆိုသည်မှာ ငါးပါးသီလကို ဆိုလိုခြင်းပင်ဖြစ်ပါတယ်။ မည်မျှပင် ပစ္စည်းဥစ္စာချမ်းသာပါစေ၊ မည်မျှပင် အတတ်ပညာ၊ အသိပညာတွေ တတ်ပါစေ၊ မည်မျှပင် နာမည်ကျော်ကြား လူသိများပါစေ ကိုယ်ကျင့်သီလ မရှိလျှင် သိက္ခာမရှိတဲ့လူလို့ သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။
သမထ၊ သတိပဋ္ဌာန်၊ သတိပဋ္ဌာန ဘာဝနာတရားများ ပွားများအားထုတ်လိုသော ပုဂ္ဂိုလ်ဟာ မိမိ၏သီလကို ဆန်းစစ်လျက် မှတ်ကျောက်တင်ခံနိုင်သော သီလဖြစ်ရန်အ တွက် ယခုအချိန်မှပင် စတင်ရန် ကြိုးပမ်းလျက် သန့်ရှင်းစင်ကြယ်သော သီလ၌ကောင်းစွာ ရပ်တည်နိုင်ကြပါစေ။ စာဖတ်သူမိတ်ဆွေများလည်း ကိုးကွယ်မှု၊ ယုံကြည်ဆည်းကပ်မှု၊ သီလဆောက်တည်ခံယူမှုတို့အား ဖတ်ရှုပြီးသကာလ ယခုမှစ၍ ဖြူလွစင်ကြယ်သော သီလ ဖြစ်အောင် စတင်ကြိုးစားဆောက်တည်ကြပါလို့ တိုက်တွန်းအပ်ပါသည်။
ဆက်လက်တင်ပြပါဦးမည် (၀ိဇ္ဇာစရဏသမ္ပတော)
No comments:
Post a Comment