Saturday, May 11, 2013

တဘ၀စာအပါယ်လွတ်ရန်နည်းလမ်းကောင်း(၂)

သီလ
ကိုယ်ကျင့်သီလ
ကိုယ်အပြုအမူ၊ အပြစ်ကင်းအောင်၊ နှုတ်အပြောအဆို အပြစ်ကင်းအောင် ကိုယ်နှင့် နှုတ် (ကာယကံနှင့် ၀စီကံ) ကို စောင့်စည်းထိန်းသိမ်းခြင်းကို သီလ ဟုခေါ် သည်။
သီလ ဆိုသည်မှာ ကိုယ်ကျင့်တရား၊ ကိုယ်ကျင့်တရားနှင့် သီလ အဓ္ပိပါယ် အတူတူပင်။ ကိုယ်အပြုအမူ၊ နှုတ်အပြောအဆို အပြစ်ကင်းလျှင် သီလစင်ကြယ်သည်။ ကိုယ်ကျင့်တရား ကောင်းသည်။ ကိုယ်အပြုအမူ၊ နှုတ်အပြောအဆို အပြစ်မကင်းလျှင် သီလပျက်စီးသည်။ ကိုယ်ကျင့်တရား ပျက်သည်။
အပြစ်ဆိုတာ ထိခိုက်နစ်နာမှုကို အပြစ် ဟုခေါ်သည်။

၁။ မိမိကိုဖြစ်စေ၊ သူတစ်ပါးကိုဖြစ်စေ၊ တစ်ဦးဦးကို ထိခိုက်နစ်နာစေသော အပြု အမူ၊ အပြောအဆိုသည် အပြစ်ရှိသော၊ အပြစ်မကင်းသော အပြုအမူ၊ အပြောဆိုဖြစ် သည်။
၂။ မိမိနှင့် သူတစ်ပါး နှစ်ဦးအနက် မည်သူ့ကိုမျှ မထိခိုက် မနစ်နာစေသော အပြု အမူ၊ အပြောအဆိုသည် အပြစ်မရှိသော၊ အပြစ်ကင်းသော အပြုအမူ၊ အပြောအဆို ဖြစ်သည်။
အပြစ်ကင်းသောအမှုသည် ကုသိုလ်။
အပြစ်မကင်းသောအမှုသည် အကုသိုလ်။


ကိုယ်ကျင့်သီလပျက်စီးလျှင်
ကိုယ်ကျင့်တရားပျက်ပြား၍ သီလမစင်ကြယ်လျှင် အရုပ်ဆိုးအကျည်းတန်ခြင်း၊ ရဟန်းနှင့် လူတို့ကြည်ညိုချစ်ခင်မှုကို မခံယူရခြင်း၊ လာဘ်လာဘရှားပါးခြင်း၊ ကြည်ညိုသူ၊ လှူဒါန်းပူဇော်သူများမှာ အကျိုးရနည်းခြင်း စသောမကောင်းကျိုးများကို ရရှိစေသည်။
ထို့ပြင်
၁။ စည်းစိမ်ဥစ္စာ ပျက်စီးဆုံးရှုံးခြင်း။
၂။ သတင်းဆိုးထွက် နာမည်ပျက်ခြင်း။
၃။ လူသူပရိသတ်အလယ်သို့ မျက်နှာညှိုးငယ်စွာ ၀င်ရခြင်း။
၎။ သတိလွတ်ကင်းလျက် အော်ဟစ်ညည်းညူကာ သေရခြင်း။
၅။ အပါယ်စသော ဘ၀ဆိုးသို့ ရောက်ရခြင်း။
ဤဆိုးကျိုးများကိုလည်း ခံစားရသည်။
ကိုယ်ကျင့်သီလပြည့်စုံလျှင်
ကိုယ်ကျင့်တရားကောင်းမွန်၍ သီလစင်ကြယ်လျှင် ရုပ်ဆင်းအင်္ဂါ ချောမော လှပခြင်း၊ ရဟန်းနှင့် လူတို့၏ကြည်ညိုချစ်ခင်မှုကို ခံယူရခြင်း၊ လာဘ်လာဘေ ပါများ ခြင်း၊ ကြည်ညိုလှူဒါန်းပူဇော်သူများမှာ အကျိုးကြီးမားခြင်း စသောအကျိုးတရားများကို ရရှိသည်။
ထို့ပြင် -
၁။ စည်းစိမ်ဥစ္စာပေါများခြင်း။
၂။ ကောင်းသတင်းထွက် နာမည်တက်ခြင်း။
၃။ ပရိသတ်အလယ်သို့ မရှက်မရွံ့ ရဲဝံ့စွာ ၀င်နိုင်ခြင်း။
၎။ သတိရှိလျက် မတွေမဝေ သေရခြင်း။
၅။ သုဂတိဘ၀သို့လားရောက်ရခြင်း စသော အကျိုးတရားများကိုလည်း ခံစား ရသည်။
ဤရွေ့ဤမျှ အကျိုးကြီးများသောသီလကို လူတိုင်းကြိုးစား၍ ဆောက်တည် စောင့်ထိန်းသင့်ပေသည်။ သီလကို မိမိဘာသာလည်း ဆောက်တည်ကောင်း၏။ ရဟန်း တော်တစ်ပါးပါးထံ လည်း ခံယူဆောက်တည်နိုင်၏။ မိမိဘာသာ ဆောက်တည်လျှင် များသောအားဖြင့် လေးနက်မှု၊ ရိုသေမှုအားလျော့၍ စောင့်ထိန်းလိုစိတ် အားနည်း၏။ ရဟန်းတော်တစ်ပါးပါးထံ ခံယူဆောက်တည်လျှင် လေးနက်မှု၊ ရိုသေမှု အားကောင်း၍ စောင့်စည်းစိတ်ထက်သန်၏။ အားကြီး၏။
အပြစ်မကင်းသော အလုပ်ကိုမလုပ်ဘဲ ရှောင်ကြဉ်ရာ သီလမဆောက်တည်ဘဲ လည်းရှောင်ကြဉ်နိုင်၏။ ထို့ကြောင့်ပင် တချို့က တို့မကောင်းတာမှ မလုပ်ဘဲ သီလ စောင့်တည်နေဖို့၊ ဥပုသ်စောင့်နေဖို့ မလိုပါဘူး ဟု ယူဆပြောဆိုတတ်ကြ၏။ ဤသို့ လူ့စိတ်သဘာဝကို နားမလည်သောကြောင့် သော်လည်းကောင်း ဖြစ်ပေလိမ့်မည်။ လူ၏စိတ်သဘာဝမှာ မလုပ်ဘူး ဟုနှုတ်က ထုတ်ဖော်ဝန်ခံခားသော အလုပ်တစ်ခုကို ကျူးလွန်ပြုလုပ်ရမည်ကို အလွန်ဝန်လေး၏။ မလုပ်မိအောင် အတတ်နိုင်ဆုံး စောင့်စည်း ထိန်းသိမ်းလိုစိတ် ထက်သန်၏။ နှုတ်က ထုတ်ဖော်ဝန်ခံ ကတိမထားဘဲ မလုပ်ပါဘူး ဟု စိတ်ဖြင့်သာ နှလုံးသွင်းထားရုံမျှဖြစ်လျှင် ကျူးလွန်ပြုလုပ်ရမည်ကို ၀န်မလေးပေ။ ကျူးလွန်လိုစိတ် အနည်းငယ်ဖြစ်ရုံမျှနှင့်ပင် လွယ်လွယ်ဖြင့် ကျူးလွန်တတ်ကြ၏။ ထို့ကြောင့် သီလကို ဆောက်တည်၍ မကောင်းမှုမပြုအောင် စောင့်ထိန်းလျှင် စောင့်ထိန်းလိုစိတ် အားကောင်း၍ လွန်ကျူးဖောက်ဖျက်ရန် ခဲယဉ်း၏။ မကောင်းမှုကို မပြုလုပ်ခြင်းသာ ပဓာန ဟု ယူဆကာ သီလကိုမဆောက်တည်လျှင် စောင့်ထိန်းလိုစိတ် အားနည်း၍ မကောင်းမှုကို ကျူးလွန်ရန် လွယ်ကူ၏။
ဤနေရာတွင် သီလ၏ အရေးကြီးပုံအား တင်ပြလိုပါသည်။ သီလတရားအား မဖြစ်မနေဆောက်တည်၊ စောင့်ထိန်း၊ စောင့်စည်း၊ လိုက်နာရန် လိုအပ်ကြောင်း စတင် တရားအားထုတ်မည့်ပုဂ္ဂိုလ်များ သိရှိနိုင်ရန်အတွက် ဖြစ်ပါသည်။
မြတ်စွာဘုရား သာဝတ္ထိ ဇေတ၀န်မှာ သီတင်းသုံးတော်မူခိုက်ဖြစ်၏။ အရှင်ဗာဟိယ ကိုယ်တော်က တပည့်တော် တရားရနိုင်လောက်အောင် တရားကလေး တစ်ပုဒ် အကျဉ်းချုပ် ဟောပေးတော်မူပါဘုရား ဟူ၍ တောင်းပန်၏။ ထိုအခါတွင် မြတ်စွာဘုရားက ရှေးဦးအစ ယခုမှ စတင်အားထုတ်သူအတွက် အစီအစဉ်နှင့်တကွ ဟောပြတော်မူ၏။ -
တသ္မာတိဟ တွံ ဗာဟိယ အာဒိမေဝ
ဝိသောဓေဟိ ကုသလေသု ဓမ္မေသု၊
ကောစာဒိ ကုသလာနံ ဓမ္မာနံ၊
သိလဉ္စ သုဝိသုဒံ္ဓ ဒိဋ္ဌိစ ဥဖုကာ
ဗာဟိယ - ထိုသို့ တရားရလိုလျှင် သင်သည် ကုသိုလ်တရားတို့ ဦးစွာအစ ဖြူလွ စင်ကြယ်အောင် သုတ်သင်ပါဦး။ ကုသိုလ်တရားတို့၏ ဦးစွာအစဆိုသည်ကား အဘယ် နည်း …
(၁) သီလစင်ကြယ်ရခြင်းနှင့်
(၂) အယူဖြောင့်မှန်ခြင်း တို့ဖြစ်၏။
ယတော စခေါ တေ ဗာယိယ သီလဉ္စ
သုဝိသုဒံ္ဒ ဘ၀ိဿတိ ဒိဋ္ဌိစ ဥဖုကာ၊
တတော တွံ ဗာဟိယ သီလံ နိဿာယ
သီလေ ပတိဋ္ဌာယ စတ္ထာရော သဟိပဋ္ဌာနေ ဘာဝေယျာသိ
ဗာဟိယ - သီလက အလွန်စင်ကြယ်၍ အယူကလည်းဖြောင့်မှန်ပြီဆိုလျှင် သီလ ကို အမှီပြု၍ သီလကိုလုံခြုံစေလျက် သတိပဋ္ဌာန်လေးပါး (တစ်ပါးပါး) ကို ပွားများအား ထုတ်ရာ၏။ ဤသို့ ပွားများပါလျှင် ကုသိုလ်တရားတို့ တိုးတက်ဖို့သာ ရှိတော့၏။ ဆုတ် ယုတ်ဖို့ မရှိတော့။
အရှင်ဥတ္ထိယရဟန်းက ဤသဘောမျိုးသွားရန် တောင်းပန်လျှောက်ထားရာတွင် လည်း ဤလမ်းစဉ်အတိုင်းပင် ဘုရားရှင်က ဟောပြောတော်မူသည်။ ထိုမှတစ်ဖြာ တစ်ခါတုန်းက အညတရ ရဟန်းတစ်ပါးသွား၍ လျှောက်ထားစဉ်ကလည်း ဤလမ်းစဉ် ကိုပင် ဟောပြတော်မူ၏။
ထို့ကြောင့် တရားရချင်သူများ အလောတကြီးဖြင့် အဆင့်ကျော်တက်ချင်၍ မရ၊ အစဉ်အတိုင်း အခြေခံမှစ၍ ပြည့်စုံစေရပါမည်။ သို့ဖြစ်၍ နံပါတ် (၁) အင်္ဂါအတွက် သီလစင်ကြယ်ရမယ် ဆိုတာ ရှင်းပါ၏။
လူလည်း လူ့သီလ လုံခြုံရမည်။ အနည်းဆုံး ငါးပါးသီလလုံရမည်။ သီလရှင်ဆို လျှင် (၈) ပါး၊သာမဏေဆိုလျှင် (၁၀) ပါး လုံကြရမည်။ ရဟန်းဆိုလျှင် အကျဉ်းအားဖြင့် (၂၂၇) သွယ်၊ အကျယ်ဆိုလျှင် ကုဋေကိုးထောင်ကျော် လုံစေရမည်။ ဤအတွက် ရှင်းပါ ၏။
နံပါတ် (၂) အင်္ဂါအတွက် ဒိဋ္ဌိစဥဖုကာ အယူဖြောင့်မှန်ရမယ် ဆိုတာ ဘာကို ဖြောင့်မှန်ရမှာလဲ။ ဒိဋ္ဌိစင်ကြယ်ရမှာကို ဆိုလိုသည်ဟု ဆရာတော် အရှင်ဃောသိတမှ ရှင်းလင်းညွှန်ပြထားပါတယ်။
ဒီနေရာမှာ နံပါတ် (၂) အင်္ဂါဖြစ်တဲ့ အယူဖြောင့်မှန်ရမယ် ဆိုတာအား ခေတ္တချန် လှပ်ထား၍ လူတို့ဆောက်တည်စောင့်ထိန်းရမည့် ငါးပါးသီလအကြောင်းအား ဆက် လက်လေ့လာကြရမည် ဖြစ်ပါသည်။
လူပုဂ္ဂိုလ်များစောင့်ထိန်းရန် ငါးပါးသီလ
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သာမာဒိယာမိ။
(သတ္တ၀ါ၏ အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ပါ၏)
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သာမာဒိယာမိ။
(သူတစ်ပါး၏ ပစ္စည်းဥစ္စာကို မတရားယူခြင်းမှ ရှောင်ကြဉ်ပါ၏)
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သာမာဒိယာမိ။
(ကာမဂုဏ်တို့ ၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏။)
၎။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သာမာဒိယာမိ။
(မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏)
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သာမာဒိယာမိ။
(မူးယစ်မေ့လျော့စေတတ်သော အရက်သေစာတို့ကို သောက်စားခြင်းမှ ရှောင်ကြဉ်ပါ၏)
ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သာမာဒိယာမိ။
(သတ္တ၀ါ၏အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ပါ၏) အကြောင်းတစ်ခုခု ကြောင့် သတ္တ၀ါတစ်ကောင်ကောင် သေသွားသောအခါ ပါဏာတိပါတ ကံဖြစ်/ မဖြစ်။ ကံထိုက်/မထိုက် တို့ကိုဆုံးဖြတ်ရန် အင်္ဂါငါးချက်ရှိ၏။
၁။ သတ္တ၀ါတစ်ကောင်ကောင်ဖြစ်ခြင်း။
၂။ သတ္တ၀ါဟူသော အမှတ်သညာရှိခြင်း။
၃။ သေစေလိုသော စိတ်စေတနာရှိခြင်း။
၎။ သတ်ခြင်း။
၅။ သေသွားခြင်း။
ပါဏာတိပါတကံ၏ ဆိုးကျိုးများ
၁။ အသက်တိုခြင်း။
၂။ အနာရောဂါများခြင်း။
၃။ အင်အားဆုတ်ယုတ်ခြင်း။
၎။ ကြောက်ရွံ့တတ်ခြင်း။
၅။ စိုးရိမ်ပူဆွေးစိတ်များခြင်း။
၆။ သူတစ်ပါး အနှိပ်စက်ခံရခြင်း။
၇။ သူတစ်ပါးသတ်၍ သေရခြင်း။
၈။ ကိုယ်လက်အင်္ဂါ ချို့တဲ့ခြင်း။
၉။ ကိုယ်လုံးကိုယ်ထည် အချိုးမကျခြင်း။
၁၀။ ချစ်သူတို့နှင့် ကွဲကွာရခြင်း စသော ဆိုးကျိုးများကို ရတတ်သည်။
သတ္တ၀ါကို မသတ်ဖြတ်၊ မညှင်းဆဲဘဲ မေတ္တာစိတ်ထားလျှင် ဤဆိုးကျိုးများမှ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးများကို ရနိုင်၏။
အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ
(သူတစ်ပါး၏ပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်ပါ၏။) ပိုင်ရှင်က ကြည်ဖြူစွာ မပေးသောပစ္စည်းကို ခိုးယူခြင်း၊ တိုက်ယူခြင်း၊ နှိုင်ယူခြင်း၊ အကျပ်ကိုင်၍ယူခြင်း၊ ပရိယာယ်တစ်မျိုးမျိုးဖြင့် လှည့်ပတ်၍ယူခြင်း စသည်တို့သည် အဒိန္နာဒါန - သူတစ်ပါး ပစ္စည်းကို မတရားယူခြင်းဖြစ်၏။ အဒိန္နာဒါန ကံဖြစ်/မဖြစ်၊ ကံထိုက်/မထိုက် တို့ကို ဆုံး ဖြတ်ရန်အင်္ဂါ (၅) ချက်ရှိ၏။
၁။ သူတစ်ပါးဥစ္စာဖြစ်ခြင်း။
၂။ သူတစ်ပါးဥစ္စာဟု သိခြင်း။
၃။ ခိုးယူလိုသောစိတ်ရှိခြင်း။
၎။ ခိုးယူမှုဖြစ်သော ကိုယ်မှု၊ နှုတ်မှု၊ လုံ့လ တစ်ခုခုကိုပြုခြင်း။
၅။ ခိုးယူမှု အောင်မြင်ခြင်း။
အဒိန္နာဒါနာကံ၏ ဆိုးကျိုးများ
၁။ အပါယ်ဒုဂတိဘ၀ ရောက်ရခြင်း။
၂။ ဆင်းရဲမွဲတေခြင်း။
၃။ ပစ္စည်းရအောင် မရှာနိုင်ခြင်း။
၎။ ရှိသမျှပစ္စည်း မတည်တံ့ခြင်း။
၅။ လိုအပ်သောပစ္စည်း မရခြင်း။
၆။ ဆင်းဆင်းရဲရဲနေရခြင်းစသော ဆိုးကျိုးများကို ရ၏။
သူတစ်ပါးပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်လျှင် ဤဆိုးကျိုးများမှ ပြောင်း ပြန်ဖြစ်သော ကောင်းကျိုးများကို ရ၏။

ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ
(ကာမဂုဏ်တို့ ၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏။) ယောက်ျား၊ မိန်းမများသည် မိမိ၏ ဇနီး၊ ခင်ပွန်းမှတစ်ပါး အခြားသော ပိုင်ဆိုင်သူ၊ အုပ်ထိန်းသူရှိသည့် ယောက်ျား၊ မိန်းမတို့နှင့် ပျော်ပါးလျှင် ကာမဂုဏ်တို့ မှားယွင်းစွာကျင့်ခြင်း - ကာမေသု မိစ္ဆာစာရ ဖြစ်၏။ ကာမေသု မိစ္ဆာစာရ ကံဖြစ်/ မဖြစ်၊ ကံထိုက်/ မထိုက် ဆုံးဖြတ်ရန် အင်္ဂါ (၄) ချက် ရှိ၏။
၁။ မသွားလာအပ်သော မိန်းမနှစ်ဆယ်ဖြစ်ခြင်း။
၂။ ထိုမိန်းမ၌ မှီဝဲလိုသောစိတ်ရှိခြင်း။
၃။ လုံ့လပြုခြင်း။
၎။ သာယာခြင်း။
ကာမေသု မိစ္ဆာစာရကံ၏ ဆိုးကျိုးများ
၁။ အပါယ်လားရခြင်း။
၂။ မိန်းမဖြစ်ရခြင်း။
၃။ နပုန်းပဏ္ဍုက်ဖြစ်ရခြင်း။
၎။ အများအမုန်းခံရခြင်း။
၅။ ရန်သူများခြင်း။
၆။ စိုးရိမ်ကြောင့်ကြများရခြင်း။
၇။ ချမ်းချမ်းသာသာ မနေရခြင်း။
၈။ ချစ်သူနှင့် ကွဲရခြင်း။
၉။ မျက်နှာမကြည်လင် မရွှင်ပျခြင်းစသော ဆိုးကျိုးများကို ခံစားရ၏။
ဤမိစ္ဆာစာရအမှုကို ရှောင်ကြဉ်လျှင် ဤဆိုးကျိုးများမှ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးများကို ခံစားရ၏။
မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
(မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏) သူတစ်ပါး၏ အကျိုးစီးပွား ကို ထိခိုက်ပျက်ပြားစေသော လိမ်ညာမှု၊ လှည့်ပတ်မှုဟူသမျှသည် ဆိုးကျိုးရစေနိုင် လောက်အောင် ကံမြောက်သည့် မုသာဝါဒ ချည်းဖြစ်သည်။ နှုတ်ဖြင့်မပြောဘဲ ကိုယ် အမူအရာဖြင့် လိမ်ညာလျှင် မုသာဝါဒ ပင်။
သူတစ်ပါး၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ တစ်စုံတစ်ယောက် အကျိုးရစေလို ၍ ပရိယာယ်သုံးခြင်း၊ အမှားကိုသိစေခြင်း၊ ရယ်မြူလို၍ ပြောဆိုပြုမှုခြင်းများမှာ မုသာဝါဒ ပင်ဖြစ်စေကာမူ ဆိုးကျိုးရစေနိုင်လောက်အောင် ကံမမြောက်ပေ။ မုသာဝါဒ ကံဖြစ်/မဖြစ်၊ ကံထိုက်/ မထိုက် ဆုံးဖြတ်ရန် အင်္ဂါ (၄) ချက်ရှိ၏။
၁။ မဟုတ်မမှတ်ပြောသော အကြောင်းအရာဖြစ်ခြင်း။
၂။ မဟုတ်မမှန် ပြောလိုစိတ်ရှိခြင်း။
၃။ ပြောလည်းပြောခြင်း။
၎။ လိမ်လည်သည့်အတိုင်း သူတစ်ပါးက ယုံကြည်သွားခြင်း။
မုသာဝါဒကံ၏ဆိုးကျိုးများ
၁။ အပါယ်သို့ လားရောက်ခြင်း။
၂။ မျက်စိ၊ နား၊ နှာ စသော ဣနြေ္နများ မကြည်လင်ခြင်း။
၃။ စကားမပီခြင်း၊ ဗလုံးဗထွေးပြောတတ်ခြင်း။
၎။ သွားမညီခြင်း။
၅။ ပါးစပ်ပုပ်ခြင်း။
၆။ အသားအရေမစိုပြည်ဘဲ မွဲခြောက်ခြင်း။
၇။ ကိုယ်ခန္ဓာအချိုးမကျခြင်း။
၈။ သြဇာမရှိခြင်း။
၉။ နှုတ်ကြမ်း၊ လျှာကြမ်းခြင်း။
၁၀။ စိတ်မတည်ခြင်း စသော ဆိုးကျိုးများကို ရတတ်၏။
မုသာဝါဒကို ရှောင်ကြဉ်လျှင် ဤဆိုးကျိုးများမှ ပြောင်းပြန်ဖြစ်သော ကောင်းကျိုး များကို ရနိုင်၏။
သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
(မူးယစ်မေ့လျော့စေတတ်သော အရက်သေစာတို့ကို သောက်စားခြင်းမှ ရှောင်ကြဉ်ပါ၏) သောက်သူ၊ စားသူ၊ ရှူသူတို့ကို မေ့လျော့စေတတ်၊ မူးယစ်စေတတ် သော သောက်စရာ၊ စားစရာ၊ ရှူစရာ ဟူသမျှသည် သေရည်သေရက်၊ သို့မဟုတ် အရက်သေစာ - သုရာမေရယ ချည်းပင်။ အပ်ဖြင့် အသားထဲသို့ ထိုးသွင်းရသော ပက်သဒင်းစသောဆေးရည်လည်း အပါအ၀င်ဖြစ်၏။ ထို့ကြောင့် တောအရက်၊ မြို့ အရက်၊ နိုင်ငံခြားအရက်၊ ထန်းရည်၊ ဓနိရည်၊ ဘိန်းဘင်၊ ကစော်၊ လှော်စာ၊ ဘိန်းဖြူ၊ ဆေးခြောက်၊ ကိုကင်းအယ်လ်အက်စ်ဒီ LSD ၊ ဘီယာ၊ ၀ိုင်အမျိုးမျိုးစသော မူးယစ်ဆေး ဟူသမျှ အရက်သေစာ - သုရာမေရယ တို့ချည်းသာတည်း။ သုရာမေရယ ကံဖြစ်/မဖြစ်၊ ကံထိုက်/မထိုက် တို့ကို ဆုံးဖြတ်ရန် အင်္ဂါ (၄) ချက်ရှိ၏။
၁။ သုရာစသည့် တစ်ပါးပါးဖြစ်ခြင်း။
၂။ သောက်စားလိုသော စိတ်ရှိခြင်း။
၃။ သောက်ဖြစ်အောင် လုံ့လပြုခြင်း။
၎။ သောက်စားခြင်း။

သုရာမေရယကံ၏ဆိုးကျိုးများ
၁။ သတိကင်းလွတ်ခြင်း။
၂။ အရှက်မရှိခြင်း။
၃။ အကောင်းအဆိုး၊ အမှားအမှန် မခွဲခြားတတ်ခြင်း။
၎။ ခိုက်ရန်ဒေါသဖြစ်ပွားခြင်း။
၅။ မကောင်းသတင်းပျံ့နှံ့ခြင်း၊ ကျက်သရေမရှိခြင်း။
၆။ ရောဂါများခြင်း။
၇။ ကိုယ်လက်အင်္ဂါတုန်ခြင်း။
၈။ ဖွားလာသောသားသမီးများ စိတ်ဓါတ်မဖွံ့ဖြိုးခြင်း။
၉။ လုပ်ဆောင်စရာ လုပ်ငန်းကိစ္စတို့ကို မေ့လျော့ခြင်း။
၁၀။ စီးပွားပျက်ခြင်းမှစ၍ အပါယ်ဒုဂ္ဂတိဘ၀ လားရောက်ရသည်အထိ ဆိုးကျိုး များကို ဖြစ်ပေါ်စေတတ်၏။
ယင်းအရက်သေစာကို ရှောင်ကြဉ်လျှင် ဤဆိုးကျိုးများမှ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးများကို ရနိုင်၏။
ဆက်လက်တင်ပြပါဦးမည်။ (၀ိဇ္ဇာစရဏသမ္ပတော)

No comments:

Post a Comment