သူတော်ကောင်းတို့၊ ခုတခါစိတ်အကြောင်းလေးနဲနဲ ပြောကြတာပေါ့ အနုစိတ်လေးတွေ ပါလို့သေသေ ချာချာလေး ဖတ်မှအဆင်ပြေပါလိမ့်မယ်၊ ဒါကြောင့်အချိန်လေးပေးပြီး ဖတ်ပေးပါလို့ ကြိုတင်တောင်းပန်ပါတယ်
၁။ စိတ်သည်အလွန်လျှင်မြန်စွာ ပြောင်းလဲဖြစ်ပျက်နေသော သဘောရှိသည်။ ရုပ်ကလာပ်စည်း (Cell) များသည်၊ တစ်စက္ကန့်လျှင် ကုဋေတစ်ထောင်အရေအတွက်ဖြင့် ဖြစ်ပျက်နေကြသည်ဟု
ဆေးသိပ္ပံတွေ့ရှိချက်က ဖော်ထုတ်ထားသည်။ စိတ်၏ဖြစ်ပျက် ပြောင်းလဲမှုနှုန်းသည် ထိုထက် ၁၇ဆ ပိုများသည်။ ပိုမြန်သည်။ ဥပမာ။ ။ ရောက်ဖူးသောနေရာ၊ နိုင်ငံတစ်ခုကို စိတ်ကူးလိုက်လျှင်
ယခုရောက်နိုင်သည်။ လကမ္ဘာကို ယခုစိတ်ကူးလျှင် ယခုရောက်နိုင်သည်။ ရောက်ချင်တာ၊ လုပ်ချင်တာမှန်သမျှ စိတ်ကူးလိုက်ရုံဖြင့် ချက်ချင်းသိသည်။ အရာဝတ္ထုတစ်ခုကို မြင်လိုက်သည်နှင့်
ဘာအရောင်၊ ဘယ်လိုပုံစံ၊ ဘယ်လိုအကြောင်းခြင်းရာဆိုသည်ကို ချက်ချင်းသိရှိ ဆုံးဖြတ်နိုင်သည်။ ထိုမျှလျှင်မြန်ဆန်စွာ တစ်ဆက်တည်း သိရှိစိတ်ကူးနေသော်လည်း စိတ်၏ဖြစ်ခြင်း၊ တည်ခြင်း၊ ပျက်ခြင်း
သဘာဝမှာအဆစ်အပိုင်း အကန့်များစွာကို ဆက်စပ်ထားသကဲ့သို့ဖြစ်သည်။
။ မျက်စေ့တစ်မှိတ်၊ မျက်တောင်တစ်ခတ်မျှသော အချိန်အတောအတွင်း စိတ်တစ်ခုဖြစ်ပေါ်မှုအတွက် စိတ်လှိုင်းပေါင်း ကုဋေတစ်သိန်းဖြစ်ရသည်ဟု ဗုဒ္ဓကဟောကြားခဲ့သည်။ (ကွန်ပျူတာတစ်ခုမှ
နောက်တစ်ခုသို့ တစ်စက္ကန့်အတွင်း မှတ်ဥာဏ်အချက်အလက်ပေါင်း သန်းနှင့်ချီ၍ ပြောင်းလဲပေးပို့နိုင်ခြင်း သဘောနှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။)
။ စကားပြောသံ၊ သီချင်းဆိုသံများသည်လည်း တဆက်တည်းဟုထင်ရသော်လည်း၊ ခွဲခြားလိုက်လျှင် အသံအစက်ပြောက်ကလေးများအဖြစ်သာ တွေ့ရမည်။ ကွန်ပျူတာတွင် အသံလှိုင်းများ ဖြစ်ပေါ်
လာပုံကို ဖန်သားပြင်ပေါ်၌ တုန်နှုန်းလှိုင်းများဖြင့် ဖော်ပြသည်ကိုကြည့်လျှင် ပို၍ထင်ရှားသည်။
။ ဓါတ်ပုံတစ်ပုံသည်လည်း အစက်ကလေးပေါင်း သိန်းသန်းများစွာ စုစည်းရာမှ ပုံရိပ်တစ်ခုဖြစ်ပေါ်လာရခြင်းဖြစ်သည်။ "ဤခန္ဓာကိုယ်အရိုး၊ အသား၊ အသွေးစသော (၃၂) ကောဌာသ တို့သည်လည်း
အဏုကြည့်မှန်ဘီလူးဖြင့်သာ မြင်နိုင်သော ရုပ်ကလာပ်စည်း (ဆဲလ်)ပေါင်း ကုဋေတစ်သိန်းကျော်သော အစက်အမှုန်ကလေးများဖြင့် စုစည်းတည်ဆောက်ထားခြင်းဖြစ်သည်"။
။ သက်မဲ့အရာဝတ္ထု ( အခဲ၊ အရည်၊ အငွေ့) ဟူသမျှတို့မှာလည်း အဏုကြည့်မှန်ဘီလူးဖြင့်ပင် မမြင်နိုင်သော အက်တမ်(Atom) ဟုခေါ်သော ရုပ်အဏုမြူမှုံကလေးများစွာဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ခွဲခြမ်းစိတ်ဖြာလိုက်လျှင် ပြစရာဘာမှမရှိတော့ပေ။
။ ထိုသဘာဝအမှန်သဘောကို သိရှိထားမှသာ ကိုယ်တွေ့ ရှုမှတ်ရာတွင် ရုပ်နာမ်ခန္ဓာဖွဲ့စည်းမှုနှင့် ဖောက်ပြန်မှုသဘောကို လွယ်ကူစွာ သဘောပေါက် သိရှိနိုင်မည်ဖြစ်သည်။ ရှုမှတ်ရင်းဖြင့် ပူခြင်း၊
အေးခြင်း၊ နာခြင်းစသော စိတ်ဖြစ်ရပ် တစ်ခုချင်းစီတွင် ဖြစ်ရပ်ကတခြား၊ သိစိတ်ကတစ်ခြားဖြစ်ကြောင်း ဥာဏ်တွင် ထင်ရှားကွဲပြားစွာ သိရှိလာပေလိမ့်မည်။
၂။ စိတ်သည် တစ်ကြိမ်တွင် တစ်ခုသာသိနိုင်သည်။ နှစ်ခုမသိနိုင်ပါ။ တီဗွီကြည့်စဉ်တွင် အသံကြားလျှင် ရုပ်ကို သတိလွတ်သည်။ ရုပ်ကိုအာရုံစိုက်၍မြင်လျှင် အသံကိုမသဲကွဲနိုင်ပါ။ အမြင်အာရုံ၊
အကြားအာရုံတို့၏ စိတ်အစဉ်အဆက်သည် မြန်ဆန်လွန်းသောကြောင့်သာ သန္တတိပညတ်သဘောအရ တဆက်တည်း ကြားရ၊ မြင်ရသည်ဟု ထင်ရခြင်းဖြစ်သည်။ ထိုစဉ်မိမိကို တစ်စုံတစ်ဦးကဘေးမှ
ထိတွေ့သည်ကို သိလိုက်သည်နျင့် မြင်နေ၊ ကြားနေသော ရုပ်နှင့်အသံနှစ်ခုစလုံးကို ကွဲကွဲပြားပြားမသိနိုင်တော့ပါ။ အာရုံမှာ အစွဲထင်နိုင်တော့ပေ။
။ ထိတွေ့သည့်အသိကသာ အာရုံမှာထင်ရှားနေပေမည်။ လက်တွေ့စမ်းသပ်ရန်မှာ "ခြေမနှစ်ခု၊ လက်မနှစ်ခုကို တစ်ပြိုင်တည်း ပွတ်တိုက်ကြည့်ပါ။" ထိုနှစ်စုံ၏ ထိခြင်းသဘောကို တစ်ပြိုင်တည်းသိနိုင်
၊ မသိနိုင်ကို မျက်စေ့မှိတ် အာရုံပြု၍ စေ့စေ့စပ်စပ် ခံစားလေ့လာကြည့်ပါ။
။ တစ်နည်းအားဖြင့် ကျောမှယားသည့်ဝေဒနာကို အာရုံစူးစိုက်သိနေချိန်တွင် ခြေသလုံးမှနာသောဝေဒနာကို မသိနိုင်ပါ။ နှစ်ခုစလုံးသိသည်ဟု ဆိုလျှင် စိတ်နှစ်ခွဖြစ်ကာ စိတ်သည်တောင်ပြေး၊ မြောက်ပြေး
ဖြစ်နေပြီဟုသာ သတိဖြင့်သိလိုက်ပါ။
။ ထို့ကြောင့် တရားရှုမှတ်နေစဉ်တွင်လည်း စိတ်၏ သဘောသဘာဝအရ အာရုံနှစ်ခုကို တစ်ပြိုင်တည်းမသိနိုင်ကြောင်း သိရှိထားလျှင် ရှုမှတ်ရသည်မှာ ပို၍စူးစိုက်မှုရှိကာ အဆင်ပြေဘဝင်ကျနိုင်ပါ
လိမ့်မည်။
၃။ ယေဘုယျအားဖြင့် အတွင်းစိတ်နှင့် အပြင်စိတ်ဟူသော စိတ်ကို (၂) မျိုးခွဲခြားနိုင်သည်။ အပြင်စိတ်က လှုပ်ရှားလွယ်ပြီး၊ ဟိုရောက်သည်ရောက်မြန်သည်။ ရှေ့ကသွား၍ ရှေ့စိတ်ဟုခေါ်ကြသည်။
ထိုရှေ့စိတ်ကို အတွင်းစိတ်ဖြစ်သော နောက်စိတ်ဖြင့် သိခြင်းသည် "သတိ" ဖြစ်သည်။ စိတ်နှစ်ခုသည် တစ်ပြိုင်တည်းမဖြစ်ပဲ၊ ရှေ့စိတ်ဖြစ်ပျက်ပီးမှသာ နောက်စိတ်ကဖြစ်ပေါ်လာရသည်။ စိတ်ကူးတွေးတော
ခြင်းနှင့် ဖြစ်ချင်သောဆန္ဒသည် ရှေ့စိတ်ဖြစ်သည်။ ထိုရှေ့စိတ်ကို "စိတ်ကူးတယ်၊ စိတ်ကူးတယ်" ဟုနောက်စိတ်ဖြင့်အစားထိုး၍ ရှုမှတ်လေ့ကျင့်ပါ။ လောဘ၊ ဒေါသ၊ ရာဂစိတို့ဖြစ်နေသော ရှေ့စိတ်
ကိုလည်းနောက်စိတ် (သတိ) ဖြင့်ဖြစ်နေမှန်းသိအောင် ရှုမှတ်ပေးရမည်။
ကဲသူတော်ကောင်းတို့ စိတ္တာနုပဿနာ ဖက်ကိုဆက်သွား လိုက်ရအောင်၊
။ တရားစတင်ရှုမှတ်စဉ်တွင် စိတ်တည်ငြိမ်ခြင်း အလေ့အကျင့်မရှိသေးသောကြောင့် စိတ်သတိကလေးမှာ ရှုမှတ်နေရာမှ မကြာခဏ ပြေးထွက်ပျံ့လွင့်တတ်သည်။ စိတ်သည် အတွင်းအာရုံ၊ အပြင်
အာရုံ (၂)ခုစလုံးကို သိတတ်သဖြင့် သိစရာအာရုံများလှသည်။ စိတ်မတည်ငြိမ်ပဲပျံ့လွင့်လျှင် ပျံ့လွင့်သောစိတ်၏သဘောကိုသာ သတိပြုရှုကြည့်ရမည်။
။ သမထနည်းတွင် ပျံ့လွင့်သွားသော ရှုမှတ်စိတ်ကို သတိဖြင့် ပညတ်ဖြစ်သာ အရှုခံအာရုံပေါ်တွင် ပြန်တည်အောင် အသက်ကို ခပ်ပြင်းပြင်းရှုရှိုက်ကာ ဆွဲယူရသော်လည်း ဝိပဿနာရှုရာတွင် ထိုကဲ့
သို့အတင်းအကျပ် ကြံစည်အားထုတ် ရှုမှတ်ခြင်းကို(လုံးဝမပြုလုပ်ရပါ)။
။ ငြိမ်ငြိမ်ကလေးထိုင်လိုက်မှ စိတ်၏မတည်ငြိမ်သော ဖောက်ပြန်မှုသဘာဝအရ ရှေးဟောင်းနှောင်းဖြစ်တို့ကိုလည်းကောင်း၊ အနာဂါတ်ကြံစည်မှု စိတ်ကူးတို့ကိုလည်းကောင်း၊ လက်ရှိအခြေအနေ
ပေါ်တွင်လည်းကောင်း၊ အနီး၊ အဝေး၊ အတွင်းအာရုံ၊ အပြင်အာရုံ စိတ်ကူးများ ကိုလည်းကောင်း စိတ်ကပျံ့လွင့်စဉ်းစားနေတတ်သည်။ ကောင်းသောအတွေးလည်း ပါသည်။ မကောင်းသောအတွေး
လည်းပါသည်။
။ ထိုသို့စိတ်ကူးအတွေးပေါ်လာလျှင် (တွေးနေသောအကြောင်းအရာကိုမရှုမှတ်ရ။) စိတ်ကူးခြင်းသဘောကိုသာ - "စိတ်ကူးတယ်၊ စိတ်ကူးတယ်" ဟူ၍ စိတ်ကိုရှုမှတ်ရမည်။
။ ဥပမာ။ ဈေးသွာရဦးမည်ဟူသော စိတ်ကူးပေါ်လာလျှင် ဈေးသွားချင်တယ်ဟု မရှုမှတ်ရ၊ ထိုသို့ရှုမှတ်လျှင် စိတ်ကူးဖြင့်ဈေးသွားရုံမျှမက ဝယ်ခြမ်းချက်ပြုတ် စားသောက်ပြီးသည်အထိ စိတ်ကူးဆက်
သွားပေလိမ့်မည်။
။ ထိုသို့စိတ်ကူးနေကြောင်းကို "စိတ်ကူးတယ်၊ စိတ်ကူးတယ်" ဟုသတိထားကာ သိရှိရှုမှတ်လိုက်သည်နှင့် ပျံ့လွင့်နေသောစိတ်မှာ ဆပ်ပြာပူဖောင်းလေထိ၍ ပေါက်သွားသလို "ဖောက်ကနဲ၊ ဖောက်ကနဲ"
ဖြင့်အလိုအလျောက် ပျက်စီးကာ ယောဂီမူလရှုမှတ်နေသော သိမှု၊ ထိမှုအာရုံသို့ ပြန်၍တည်တံ့ရောက်ရှိ လာလိမ့်မည်။ ထို့ကြောင့် "သတိ" သည် အလွန်အရေးကြီးပါသည်။
။ စိတ်သည်မကြာခဏ ပျံ့လွင့်တတ်သည်မှာ သဘာဝဖြစ်သည်။ စိတ်ပျံ့လွင့်ရကောင်းလား ငါ့စိတ် ငါမနိုင်ပါ့လားဟု စိတ်ပျက်ကာ အလိုမကျမဖြစ်သင့်ပေ။
။ ဝိပဿနာဘာဝနာ၏ အဓိပ္ပါယ်မှာ ကြိမ်ဖန်များစွာ အထူးရှုမှတ်ခြင်းပင်ဖြစ်ရာ ရှုမှတ်မှုအကြိမ်နှင့်အချိန်များသည်နှင့်အမျှ အလုပ်ကပြန်သင်ပြသကဲ့သို့ ပိုမို၍ စနစ်တကျရှုမှတ်နိုင်ကာ သမာဓိအားတည်
ကြည်လာပါလိမ့်မည်။
။ ထို့အတူစိတ်တည်ငြိမ်ခါစနှင့် တည်ငြိမ်သွားသောအချိန်တွင် အမြင်အာရုံ၌ ပုံသဏ္ဏာန်မျိုးစုံကို ယောဂီ၏ မူလအတွင်းစိတ်လှုံ့ဆော်မှု၊ စိတ်ကူးများကြောင့် ထင်မြင်လာရတတ်သည်။ အာရုံတွင်
ထင်မြင်လာမျှ အိမ်၊ ကျောင်း၊ လူ၊ နတ်၊ သတ္တဝါမှစ၍ အလင်းနမိတ်၊ အခိုးအငွေ့၊ အရောင်အဆင်းတို့ပါမကျန် မြင်မြင်သမျှ "မြင်တယ်၊မြင်တယ်" ဟုသာရှုမှတ်ရမည်။ ကောင်းသည့်အာရုံမြင်လည်း ဆက်
မကြည့်ချင်ပါနဲ့၊ ဆိုးသည့်အာရုံမြင်လည်း ဆက်မခံစားပါနဲ့။
။ ဖြစ်ပျက်အနိစ္စဟုလည်းကြံစည်၍ မရှုမှတ်ပါနှင့်။ ဘာမြင်တယ်၊ ညာမြင်တယ်ဟုလည်းကောင်း၊ မြင်နေသည့်သဘာဝကိုပင် (မမြင်၊မရှိ၊မဟုတ်) ဟုလည်းကောင်း မရှုမှတ်ရပေ။ ဥပမာ။ ဘုရားရှင်
ပုံတော်ကို တွေ့မြင်ရလျှင် "အရဟံ၊ အရဟံ" စသည်ဖြင့် ဂုဏ်တော်ဘုရားရှိခိုးများ ရွတ်ဆို၍ ရှုမှတ်ခြင်း လုံးဝမပြုရပေ။ ဘုရားကြည်ညိုချိန် မဟုတ်ဟူ၍လည်း သတိပြုပါ။
။ "မြင်တယ်၊ မြင်တယ်" ဟုသာမြင်မှုသဘော သက်သက်ကို အစွဲအလမ်းကင်းစွာဖြင့် ရှုကြည့်မှတ်သိနေရမည်။ မြင်တွေ့သမျှကို ပညတ်၊ အမည်နာမ၊ အကောင်အထည်မဟုတ်ပဲ၊ ပရမတ်ရုပ်သဘော
၊နာမ်သဘောမျှသာ ဖြစ်သည်ဟု ရှုမှတ်ပါ။ (ထင်ယောင်မြင်ယောင်သမျှတို့သည် စိတ်လှည့်စားခြင်းသဘာဝ နာမ်သဘောမျှသာ ဖြစ်သည်ဟု ရှုမှတ်ပါ။ အထူးအဆန်းမဟုတ်ပေ။)
။ ထိုသို့ထင်ယောင်ထင်မှားဖြစ်စေသည့် ပညတ်တရားများကို ပယ်ရှားနိုင်မှသာ သဘာဝပရမတ္တသစ္စာ အမှန်တရားကို သိရှိခံစားနိုင်မည်ဖြစ်သည်။ အဆန်းကြိုက်သော အစွဲမှားများကင်းပါစေ။
။ မြင်ခြင်းသဘောကို "မြင်တယ်၊ မြင်တယ်" ဟုသတိပြုရှုမှတ်လိုက်သည်နှင့် မြင်နေရသော အမြင်အာရုံသည် အလိုအလျောက်ကွယ်ပျောက်ကာ ယောဂီမူလရှုမှတ်နေသော ထိမှု၊ သိမှုနေရာ
(မူလကမ္မဠာန်း)ကို ပြန်လည်ရှုမှတ်နိုင်ပေသည်။ (ထို့ကြောင့် သတိသည်အလွန်အရေးကြီးပါသည်။)
။ ယောဂီအနေဖြင့် အထူးသတိပြုရန်မှာ စိတ်သည်လူတစ်ဦးတွက်သာမက လူ့လောကကြီးအတွက်ပါ အလွန်အရေးပါ စွမ်းအားကြီးသည့်အတွက် စိတ်ကိုရှုမှတ်ခြင်းဖြစ်သည့် စိတ္တာနုပဿနာဘာဝနာ
ကို အထူးအလေးထား၍ ဂရုစိုက်ရှုမှတ်ရမည်ဖြစ်သည်။
။ လိုချင်မှု(လောဘစိတ်)ဖြစ်နေလျှင် လိုချင်သောစိတ်ကိုသိရမည်။ (ဒေါသစိတ်) ဖြစ်နေခိုက်မှာလည်း ဒေါသဖြစ်နေတယ်ဟု လည်းကောင်း၊ (ရာဂစိတ်) ဖြစ်နေခိုက်မှာလည်း ရာဂစိတ်ဖြစ်နေတယ်
ဟုလည်းကောင်း စသည်ဖြင့် သိရှိရှုမှတ်ခြင်းဖြင့် ငါသိခြင်းမဟုတ်ပဲ (အသိတရားဖြင့် ဆိုင်သောစိတ်) ကသာသိမှုသဘောအရ သူ့သဘောနှင့် သူသိနေခြင်းသာဖြစ်ကြောင်း ဥာဏ်မှာရှင်းလင်းလာမည်။
ထိုသို့သိရှိရှုမှတ်ခြင်းဖြင့် ထိုအကုသိုလ်စိတ်များ မဖြစ်တော့လျှင် မဖြစ်တော့မှန်းကိုလည်း သိရှိနေစေရမည်။
။ ရှုမှတ်စရာမထင်ရှားလျှင် ဝင်လေ၊ ထွက်လေစသော ထိမှု၊ သိမှု မူလကမ္မဠာန်းကိုသာပြန်၍ ရှုမှတ်နေပါ။ ရှုမှတ်ဖန်များလာလျှင် စိတ်တွင် ပြုပြင်ပြောင်းလဲနေသော (သင်္ခါရ) သဘောများ ထင်ရှား
လာကာ စိတ်၏ ဖြစ်-တည်-ပျက် အစဉ်တန်းကိုပါ ကွဲပြားစွာ သိမြင် ရိပ်စားမိလာပေမည်။ တစ်ကြိမ်ထက်တစ်ကြိမ် ပို၍ပို၍ အသေးစိတ် သိမြင်ရှုမှတ်လာနိုင်ပေလိမ့်မည်။
။ သို့မှသာ စိတ်၏သဘာဝကို ထင်ရှားစွာ သိမြင်သုံးသပ်နိုင်ကာအတွေးအမြင်ဖြောင့်မှန်နိုင်ပေမည်။
စိတ်ညစ်လျှင်ကိုယ်ပါညစ်မည်။
စိတ်ဖြူစင်မှကိုယ်ဖြူစင်မည်။
စိတ်ကိုအစဉ်စောင့်ရှောက်မှသာ ချမ်းသာခြင်းသို့ ရောက်နိုင်မည် ဖြစ်ပေသည်။ မိမိစိတ်ကို မိမိသိရှိ၍ ထိန်းသိမ်းပြုပြင်အောင်နိုင်သူသည် မိမိကိုယ်ကိုသာမက
လောကကိုပါ အောင်နိုင်သူဖြစ်သည်။ မည်သည့်အခါမှ အရှုံးကြုံတွေ့စရာ၊ စိတ်ဆင်းရဲစရာ၊ အကြောင်းမရှိတော့ပေ။
။ စိတ္တာနုပဿနာဘာဝနာ၏ သဘောအကျဉ်းမှာ စိတ်တွင် ပေါ်ပေါက်လာသည့် အကြံအစည်၊ ကောင်းစိတ်၊ မကောင်းစိတ်နှင့် သိစိတ် မှန်သမျှတို့ကို ဖြစ်ပေါ်သည့် သဘာဝအတိုင်းသိရှိရန် ရိုးရိုးရှင်းရှင်း
စောင့်ကြည့်ရှုမှတ်နေခြင်းပင်ဖြစ်ပေသည်။
။ စိတ်သဘော၊ ခန္ဓာသဘောကို စောင့်ကြည့်၍ ရှုမှတ်ခြင်းဖြင့် စိတ်သဘာဝကို သိလာသမျှသည် ပညာဥာဏ်ဖြစ်ပေါ်နေခြင်း၊ ဥာဏ်တိုးတက်ခြင်း၊ ဥာဏ်ရှိခြင်းအကျိုးကို ရရှိနေခြင်းပင် ဖြစ်သည်။
သူတော်ကောင်းတို့ လည်းကောင်းစွာ သိမြင်အားထုတ်နိင် ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်၊
ဓမ္မစက္ကဦးမောင်မောင်မှကျေးဇူးပြုသည်။
(၀ိဇ္ဇာစရဏသမ္ပတော)
No comments:
Post a Comment