တစ်ခါတွင် နန်းမတော်မယ်နုသည် ဆရာတော်အား ယခုလို လာရောက်လျှောက်ထား၏။
“တပည့်တော်မသည်
ဤအုတ်ကျောင်းတော်ကြီးကို သုံးသိန်းကျော်မျှ အကုန်အကျခံပြီး
ဆောက်လုပ်လှူဒါန်းခဲ့ပါတယ် ဘုရား၊ ဖလုံခုံရွာတွင်လည်း တစ်သိန်းကျော်မျှ
အကန်ုကျခံကာ ကျောင်းဆောင်ဆောက်လုပ် လှူဒါန်းခဲ့ပါသေးသည်၊ ဤကဲ့သို့
လှူဒါန်းခဲ့ရသော်လည်း ကုသိုလ်ကောင်းမူ၌ အားရတင်းတိမ်မူ မရှိခဲ့ပါဘုရား။
အခါခပ်သိမ်း
ဆွမ်း၊ သင်္ကန်း၊ ထီး၊ ဖိနပ် စသည့် မြတ်သော ၀တ္ထုပစ္စည်းတို့ကိုလည်း
ထောက်ပံ့လှူဒါန်းခဲ့ပါသည် ဘုရား၊ ထိုသို့ လှူဒါန်းရသော
ကောင်းမူကုသိုလ်၏အကျိုးကို ဟောကြားပေးတော်မူပါဘုရား”
ထိုအခါ
ဆရာတော်ဦးဗုဓ်က ကျောင်းအမအား ရေဖလားဖြင့် ရေအပြည့်ခပ်ယူလာရန်
စေခိုင်းလိုက်သည်။ အနားရောက်သော် ထိုရေခွက်ထဲမှ ရေများကို အကုန်အစင်
သွန်ပစ်ခိုင်းလိုက်ပြန်သည်။ ပြီးမှ ထိုဥပမာအတိုင်း တရားဟောပါတော့သည်။
“အခုသွန်ပစ်လိုက်ရသောရေနှင့် လှူ၍ကုန်ရသောပစ္စည်း တူ၏။ ဖလားထဲ၌ကပ်၍ ကျန်ခဲ့သောရေနှင့် ကောင်းကျိုးရသည်နှင့် တူ၏။
ဆရာတော်၏
တရားသဘောကို ဉာဏ်မမီရှာသော နန်းမတော်ကြီးကား မျက်နှာပင် မကောင်းအောင်
ဖြစ်သွားရှာ၏။ ဆရာတော်က အကျယ်သိစေချင်သည်မှာ ဤကဲ့သို့ဖြစ်၏။ ဒါနသည်
“ပါရမီထိုက်သောဒါန”နှင့် “ပါရမီမထိုက်သောဒါန”ဟု နှစ်မျိုးရှိ၏။ ထိုတွင်
ပါရမီထိုက်သောဒါနဟူသည် လောက(အလှူခံ) ကောင်းစားဖို့ အဓိကထားပြီး
လှူဒါန်းသောဒါနမျိုးဖြစ်၏။
ပါရမီမထိုက်သောဒါနဟူသည်
ငါကောင်းစားဖို့ အဓိက ထားပြီး လှူဒါန်းသောဒါနမျိုးဖြစ်၏။
ပါရမီထိုက်သောဒါနသည် လူချမ်းသာ၊ နတ်ချမ်းသာကိုပေးသည့်အပြင် ကိလေသာကုန်ရာ
နိဗ္ဗာန်ချမ်းသာကို ပေးသောကြောင့် “ထိုက်တန်သော ကောင်းကျိုးရသောဒါန”ဟု
ဆိုသင့်၏။
ပါရမီမထိုက်သောဒါနသည်
လူချမ်းသာ၊ နတ်ချမ်းသာလောက်ကိုသာပေးပြီး နိဗ္ဗာန်ချမ်းသာကို
မပေးနိုင်သောကြောင့် “ကောင်းကျိုး အရနည်းသောဒါန”ဟု ဆိုသင့်၏။
နန်းမတော်ကြီးသည် “ငါကောင်းစားဖို့၊ ငါထင်ရှားဖို့”ဟူသော
စိတ်ဖြင့်လှူဒါန်းခဲ့ခြင်းဖြစ်၏။
ထို့ကြောင့်
သာမန်အသေးအမွှား လူချမ်းသာ၊ နတ်ချမ်းသာလောက်ကိုသာရပြီး
အကျိုးပေးအကြီးမားဆုံးဖြစ်သည့် နိဗ္ဗာန်ချမ်းသာကို မရနိုင်ပေ။ ဤအချက်ကို
ထင်ရှားစေရန် သွန်ချလိုက်သဖြင့် “ကုန်သွားသောရေနှင့်လှူ၍
ကုန်သွားသောလှူဖွယ်ဝတ္ထု တူသည်။ ရေခွက်၌ ကပ်ကျန်သောရေနှင့်
ရသောကောင်းကျိုးတူသည်”ဟု ဟောကြားတော်မူလိုခြင်းဖြစ်၏။
မေတ္တာရှင်(ရွှေပြည်သာ) “လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment