Tuesday, December 2, 2014

ဆရာကောင်းနှင့် ဒကာကောင်း

သူတို့နှစ်ဦးကား ဆရာကောင်းနှင့် ဒကာကောင်း ပီသစွာနေထိုင် ကျင့်သုံးကြခြင်းပင်ဖြစ်၏။ ပေးလှူတတ်သူကို “ဒကာကောင်း”ဟုတ် ခေါ်ရသောကြောင့် ဒကာဟုဆိုလျှင် အမျိုးသားရော အမျိုးသမီးပါ နှစ်ဦးလုံးနှင့် သက်ဆိုင်၏။ ဆရာ၏အဓိကအလုပ်သည် “စာပေအလုပ်နှင့် တရားအလုပ်” ဤနှစ်မျိုးသားရှိ၏။ ဧည့်ခံစကားပြောဖို့၊ ဟေးလေးဝါးလေးနေဖို့၊ ဘုရားဖူးလိုက်ပို့ဖို့၊ တယ်လီဖုန်းရအောင် ဆိုင်ရာ လူကြီးကို ချဉ်းကပ်ဖို့ အလုပ်များမပါချေ။

ဒကာ၏အဓိကအလုပ်သည် ပရိယတ္တိ၊ ပဋိပတ္တိတစ်ခုခုကို အားသွန်ခွန်စိုက် အားထုတ်လျက်ရှိသောဆရာအား လိုအပ်သော ပစ္စည်းလေးပါးကို တတ်နိုင်သမျှ လှူဒါန်းဖို့ဖြစ်၏။ လူရှေ့သူရှေ့တွင် မဏ္ဍပ်တိုင် တက်ပြဖို့၊ ဘုန်းကြီး၏ အရေးပေးခံရဖို့၊ လောကီစကားများကို ဘုန်းကြီးအားသွားပြောဖို့ အလုပ်များမပါချေ။


ထို့ကြောင့် သူတို့နှစ်ဦးသည် ကိုယ့်အလုပ်ကို ပီပီပြင်ပြင် ပြုလုပ်နေကြခြင်းပင် ဖြစ်၏။ သို့သော် ပုထုဇဉ်ပီပီ နန်းမတော်မယ်နုသည် တစ်ခါတစ်ရံ ဆရာတော်ပြောသောစကားလေးကို တစ်ခွန်းနှစ်ခွန်းခန့် နားထောင်လိုသည်သာဖြစ်၏။ ထို့ကြောင့် တစ်ခုသောရက်တွင် ကျောင်းသို့အသွား ဤသို့ ဆုံးဖြတ်ချက်ချထား၏။

“ဒီနေ့တော့ ဆရာတော်ထံမှစကားပြောသံ မကြားရသမျှ နန်းတော်သို့မပြန်”ဟူ၏။ သူ့ရည်ရွယ်ချက်အောင်မြင်ရန်အတွက် အကွက်ကျကျ စီစဉ်ပြီး နှစ်နှစ် အရွယ်မြေးမလေးကို ကျောင်းသို့ ခေါ်လာခဲ့သည်။ ကျောင်းသို့ရောက်လျှင် ဆရာတော်ကို ဦးချပြီးသည်နှင့် သူစိပ်နေကျ စိပ်ပုတီးလေးကို ပေစာရွက်များအကြားတွင် မြေးမလေးမြင်သာအောင် ညှပ်ထားလိုက်သည်။

လှူစရာရှိသည်ကို လှူ၊ ကျောင်းတွင် ကြည့်စရာရှိသည်များကို ကြည့်ပြီးသည်နှင့် ဆရာတော်ထံ သွားရောက်ဦးချသည်။ ပြီးလျှင်မြေးမလေးအား ပုလဲပုတီးကို သွားယူဖို့ လက်ညှိုးထိုးပြလိုက်သည်။ ကလေးသည် ဦးဗုဓ်သောဘာသော နားလည်သည်မဟုတ်သောကြောင့် တပ်ထားသောပေစာရွက်များကို တွန်းချပြီး ပုတီးကိုအရယူတော့သည်။

“၀ုန်း… ဖြန်း… ဖြန်း” ဟူသော ပေစာရွက်များ ပြုတ်ကျသံကြားမှ ဆရာတော်သည် စာရေးခြင်းကို ခေတ္တရပ်ဆိုင်းပြီး လှည့်ကြည့်လေသည်။ ကလေးကို မြင်သည်နှင့် -

“ဟဲ့… တော်တော်ဆော့တဲ့ ဗိုင်းတာမလေးပဲ၊ ဘယ်ကကလေးလဲ”

ဟု မေးလိုက်ရာ စကားပြောချင်နေရှာသော နန်းမတော်ကြီးက -

“တပည့်တော်မရဲ့ မြေးလေးပါဘုရား”

ဟု အလိုက်သင့်ဖြေလိုက်သည်။ ထိုအခါကျမှ နန်းမတော်ကြီးကို မေးဖော်ရတော့သည်။

“ဟဲ့ မိနု၊ ကျောင်းကို ဘာလုပ်လာတာလဲ”

“တပည့်တော်မ လိုအပ်နေတဲ့ ပစ္စည်းလေးတွေ လာလှူတာပါဘုရား”

“ကဲ… မိနု၊ လှူစရာရှိတာလှူပြီးရင် ပြန်တော့”

ဤနေ့ကား ဆရာတော်ဦးဗုဓ်၊ စကားကိုအရှည်ဆုံးပြောသောနေ့ပင် ဖြစ်၏။ “နု”ဟူသောစကားကို မသုံးနူန်းရဟု ဥပဒေထုတ်ပြန်ထားသော နန်းမတော်ကြီးသည် ဆရာတော်ဦးဗုဓ်၏ “မိနု”ဟူသောခေါ်သံကိုကား အပြင်မမြင်သည့်အပြင် ၀မ်းသာကြည်နူးနေရှာပါ၏။ 
 မေတ္တာရှင်(ရွှေပြည်သာ) “လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment