ကျန်းမာရေးမကောင်းခဲ့ရင် ဆေးသောက်လိုက်ပေါ့၊ ဆေးသောက်တော့ ဝေဒနာ မြန်မြန်သက်သာသွားမယ် ပြီတော့မှ လုပ်စရာရှိတာကို ပြန်လုပ်လို့ရမယ်။ လွယ်လွယ်နဲ့ မဖြစ်နိုင်တာတွေ အခက်အခဲတွေနဲ့ ကြုံလို့ ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်နေရင် ဒေါသထွက်နေရင် တရားနဲ့ ဖြေပေါ့လို့ ပြောမယ်၊ အဲ့ဒီလိုပြောတာဟာ အရှုံးပေးလိုက်တော့လို့ ပြောတာမဟုတ်ဘူး။ အားမလိုအားမရတဲ့စိတ် (သို့) ဒေါသအမျက် ထွက်နေတဲ့ စိတ်တွေကို တရားဆေးနဲ့ ကုခိုင်တာ၊ မကုရင် အဲ့ဒီစိတ်တွေက ကိုယ့်ကို အပြစ်ပေးလိမ့်မယ် လုပ်စရာ ရှိတာတွေလည်း နှောင့်နှေးကုန်မယ်။
အဲ့ဒီလို မဖြစ်ရအောင် ကိုယ့်စိတ်ကို ကိုယ်တရားနှလုံးတွင်းလိုက်တော့ စိတ်ကကြည်လင်လာမယ်၊ ကိုယ့်အတွက် ခွန်းအားဖြစ်စေမဲ့ အတွေးမျိုးတွေ ပြန်ဝင်လာပြီး လုပ်နိုင်တာတွေကို လုပ်ပြီး မလုပ်နိုင်တာတွေကို ပိုပြီးအချိန်ပေးကျိုးစားလာမယ်။ ဒါကြောင့် တရားလိုက်စားပြီး တရားနှလုံးတွင်းမူလေးတွေ မှန်မယ်ဆိုရင် လောကီ လော ကုတ္တရာ နှစ်ခုလုံးမှာ အများကြီးကိုယ့်အတွက် အထောက်အပံ့ဖြစ်နိုင်တယ်။
ဘုရားအလောင်းတော် ဘဝ တွေကို သာဓကထားပြီး ကြည့်ရင် မြင်နိုင်ပါတယ်၊ ဘုရားအလောင်းက လွယ်လွယ်နဲ့ အရှုံးမပေးဘူး လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတောင် ပါရမီဖြည့်ခဲ့တာ။ ဒါတောင် ဗျာဓိတ်ရပြီး နောက်ပိုင်ပဲရှိသေးတယ်၊ ဗျာဓိတ်မရမီ ဖြည့်ကျင့်ခဲ့တာတွေပါ ပေါင်းလိုက်ရင် ၂၀ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းထိရှိတယ်။ နောက်ဆုံးဘဝ ဘုရားမဖြစ်ခင် ၆ နှစ်ကြာ မစားမသောက် တရားကျင့်သော်လည်းမရတဲ့ အချိန်မှာ ဘုရားလောင်းက ဒီအတိုင်းဆိုငါတရားထူး မရပဲ သေဖို့ပဲရှိတယ် ငါမဇ္ဈိမပဋိပဒါကျတဲ့ အလည်အလတ် လမ်းစဉ်ကို ကျင့်မှပဲဆိုပြီး ကိုယ့်ကိုကိုယ် ပြန်ဆုံးမလိုက်တယ်။ ပေါ့ပေါ့နေပေါ့ပေါ့စား တရားနှလုံးတွင်းပြီး နေသွားမယ်ဆိုတာမျိုးမဟုတ်ဘူး။ စိတ်ကို တရားနှလုံးတွင်းပြီး ကိုယ့်ကိုကိုယ် ခွန်အားတွေပေးလိုက်တာပဲ။ နောက် သုဇာတာ လှူဒါန်းသော ဃနာနို့ဆွမ်းကို ခံယူတော်မူပြီး ဗောဓိပင်ရင်း၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူ ပြီး ကြီးစွာသော လုံ့လတော်ဖြင့် ဆင်ခြင် သုံးသပ် ကျင့်ကြံပွါးများ လိုက်တာ နံနက်အရုဏ်တက်အချိန်တွင် လောကသုံးပါး၏ အထွတ်အထိပ် သဗ္ဗညုဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော်မူ ခဲ့တယ်။ ထိုနည်းတူစွာ ပစ္စေကဗုဒ္ဓ၊ အဂ္ဂသာဝက၊ မဟာသာဝက၊ အသီတိသာဝကတို့ ရဲ့ ကြိုးစား အားထုတ်ခဲ့ပုံတွေကို ကြည့်ရင် ဘယ်တော့မှ လွယ်လွယ်နဲ့ အရှုံးမပေးခဲ့ဘူးဆိုတာ သင်ခန်းစာယူနိုင်ပါတယ်။ ဘုရား ရဟန်းတာ ဖြစ်ဖို့ဆိုတာလည်း လွယ်လွယ်နဲ့မရ လုံးလ၊၀ီရိယ - မလျှော့သော ဇွဲနဲ့ ကြိုးစား အားထုတ်မတာရနိုင်တာ၊ ဖြစ်နိုင်တာပါ။
ဒါကြောင့် ဗုဒ္ဓဘာသာဝင်များ တချို့ရဲ့ အပြောအဆို အယူအဆတစ်ခုဖြစ်တဲ့ "ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာရင်၊ ဗုဒ္ဓဘာသာကို လိုက်စားမူများလာရင် လွယ်လွယ်နဲ့ အရှုံးပေးတတ်သွားမယ်ဆိုတာ" က လုံးဝမှားယွင်းနေကြောင်း မေတ္တာဖြင့်တင်ပြအပ်ပါသည်။
http://www.worldofwisdom.asia/ မှတဆင့်တင်ပြပါသည်။
No comments:
Post a Comment