Wednesday, December 3, 2014

ခရစ်ယာန်ဘာသာဝင်တစ်ဦး၏ ပါရမီထိုက်သည့်အလှူ

တစ်နည်းအားဖြင့် ပါရမီထိုက်သောဒါနကို “ဉာဏ်ယှဉ်သောဒါန”ဟုခေါ်နိုင်ပြီး ပါရမီမထိုက်သောဒါနကို “ဉာဏ်မယှဉ်သောဒါန”ဟု ခေါ်သင့်ပေသည်။ လောကအတွက်၊ သာသနာအတွက် ကျေးဇူးများမည့် နေရာများကို ရွေးချယ်စိစစ်၍ လှူဒါန်းခြင်းမျိုးသည် “ဉာဏ်ယှဉ်သောဒါန”ပင်ဖြစ်၏။ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် သိန်းပေါင်းလေးထောင်ကျော်ခန့် အကုန်အကျခံကာ တည်ဆောက်ထားသော ကင်ဆာဝေဒနာရှင်များ ပြုစုစောင့်ရှောက်ရာ “ဦးလှထွန်း - ကင်ဆာဖောင်ဒေးရှင်းဆေးရုံ” ကြီးများသည် ပါရမီထိုက်သည့် “ဉာဏ်ယှဉ်သောဒါန”ပင် ဖြစ်၏။


အလှူရှင် ဦးလှထွန်းသည် ခရစ်ယာန်ဘာသာဝင်ဖြစ်သော်လည်း သူ၏အလှူကား ဗုဒ္ဓချီးကျူးတော်မူသည့် ပါရမီထိုက်သောအလှူမျိုးပင်ဖြစ်၏။ ဘာသာခြားအချို့က လောကအတွက် ကျေးဇူးများသည့် ပါရမီထိုက်သော အလှူမျိုးကို လှူတတ်ကြသော်လည်း ဗုဒ္ဓဘာသာဝင် အများစုက မလှူတတ်ကြသည်မှာ ၀မ်းနည်းကြေကွဲဖွယ်ကောင်းလှ၏။


ဉာဏ်ယှဉ်သောဒါနကိုပြုသည့် အလှူရှင်များသည် ဖြစ်လေရာဘ၀များတွင် ကြီးပွားချမ်းသာရုံမျှမက ဉာဏ်ပညာပါ ထက်မြက်ထူးချွန်သဖြင့် ဘုရားရှင်၏တရားကို တစ်ကြိမ်တစ်ခါ နာရု့မျှဖြင့် ရဟန္တာအထိ ဖြစ်သွားနိုင်ပေသည်။

ဉာဏ်မယှဉ်သောဒါန အချို့ကိုပြဦးအံ့။ မြို့တစ်မြို့မှ ဘုရားတစ်ဆူကို မလိုအပ်ဘဲ ရွှေတွေချထားရာ ရုပ်ပွားတော်မှာ သပ္ပါယ်မူ မရှိတော့ဘဲ ယောင်ကားနေသော ခန္ဓာကိုယ်ဖြင့် အရုပ်ဆိုးသွားလေတော့သည်။

အခြားမြို့တစ်မြို့မှ ဘုရားတစ်ဆူကိုကား မျက်စိနေရာချည်း ရွေးပြီး ရွှေတွေချလိုက်ရာ ဘုရားမျက်လုံးတော်မှာ ပြူးထွက်ပြီး၊ ကြည်ညိုဖွယ်ရာမဖြစ်တော့ဘဲ ကြောက်စရာကြီး ဖြစ်သွားတော့သည်။ မြို့တစ်မြို့တွင် ဘုရားအငယ်စား ရုပ်ပွားတော်လေးများကို ရွှေများ တရားလွန် ချထားလိုက်သည်မှာ ရုပ်ပွားပုံပျောက်ပြီး ရွှေတုံးကြီးဖြစ်သွားတော့သည်။

ထိုသို့ ဉာဏ်မယှဉ်ဘဲရမ်း၍ မလှူသင့်ပေ။ ဘုရားကို ရွှေချခြင်းမှာ ရွှေရောင်ဝင်းပြီး သပ္ပါယ်ရန် ဖြစ်သည်။ ဘုရားပုံပျက်စေရန် ရွှေချခြင်းမဟုတ်။ ထို့ကြောင့် ရုပ်ပွားတော်သပ္ပါယ်ရု့ လိုသလောက်သာ ရွှေချသင့်သည်။ မလိုအပ်ပဲ ပုံပျက်သွားသည်အထိ ရွှေမချသင့်ပေ။

ဘုရားအာရုံခံတန်ဆောင်းထဲသို့ ၀င်လိုက်လျှင် ရုပ်ပွားတော်များမှာ ရှေ့နောက်ဝဲယာ ညှပ်သပ်နေတော့သည်။ ဘယ်ရုပ်ပွားတော်ကို ရှိခိုးရမည်မှန်းမသိ။ ရှေ့ကရုပ်ပွားကို အမူမဲ့အမှတ်မဲ့ ရှိခိုးလိုက်လျှင် နောက်ကရုပ်ပွားများကို ဖင်နှင့်ပေါက်သလိုဖြစ်သွားရာ ဘုရားရှိခိုးဖို့ပင် အခက်တွေ့နေရသည်။

အမှန်ကား အာရုံခံတန်ဆောင်းတစ်ခုလျှင် ရုပ်ပွားတစ်ဆူလောက်သာ ထုလုပ်ကိုးကွယ်သင့်ပါ၏။ မလိုအပ်ဘဲအများကြီး မလှူသင့်ပေ။ ထိုသို့လှူမည့်အစား ဆေးတက္ကသိုလ် မတက်ရောက်နိုင်ဖြစ်နေသည့် ဆေးကျောင်းသား၊ ဆေးကျောင်းသူလေးတစ်ယောက်ကို ထောက်ပံ့ပေးလိုက်မည်ဆိုလျှင် လောကအတွက် မည်မျှကျေးဇူးများလိုက်လေမည်နည်း။

ဘုရားဝင်းတစ်ခုထဲတွင် ဘိုးဘိုးအောင်နှင့် ဘိုးမင်းခေါင်းအရုပ်ကြီးနှစ်ရုပ်ကို အဆောင်ကြီးကြီးနှင့်တကွ ထုလုပ်ထားသည်ကို တွေ့ရဖူး၏။ ခန့်မှန်းချေသိန်းပေါင်း (၅၀)ကျော်မျှ ကုန်ကျပေလိမ့်မည်။ ထိုဘုရားဝင်းထဲမှ သန့်စင်ခန်းကိုသွားကြည့်သောအခါ ပျက်စီးရူပ်ပွပြီး နံဟောင်နေသည်ကိုတွေ့ရသည်။ 
 မေတ္တာရှင်(ရွှေပြည်သာ) “လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment