ဆရာတော်ဦးဗုဓ်ကား ဒကာ၊ ရာထူး၊ ငွေ၊ ဂုဏ်မည်သည့်
အရာကိုမျှမကြည့်ဘဲ ဘုရားမျက်နှာကိုသာကြည့်ပြီး သာသနာပြုနေသော
ဆရာတော်တစ်ပါးဖြစ်၏။ “ပညာရှိ၏အစွမ်းကို အခက်အခဲ ကြုံမှ သိရသည်”ဟူသော
စကားအတိုင်း တစ်ခါတွင် သာသနာပိုင်ဆရာတော်ကစပြီး မည်သည့်တံဆိပ်ရ/မရ
ဆရာတော်အားလုံး အဆုံးအဖြတ် မပေးရဲသော သာသနာရေးနှင့် ဆိုင်ရာအမူတစ်ခု
ဖြစ်ပေါ်လာ၏။
ထိုအချိန်က
အင်းဝနေပြည်တော်တွင် နန်းမတော်မယ်နုနှင့်
အရှိန်ဝါတန်ခိုးချင်းပြိုင်နေသူမှာ ဘကြီးတော်မင်းတရားခေါ် စစ်ကိုင်းမင်း၏
ညီတော်အိမ်ရှေ့(သာယာဝတီမင်းသား) ပင်ဖြစ်၏။ ပုထုဇဉ် မှန်သမျှ သူတစ်ပါးနှင့်
ယှဉ်ပြိုင်လျှင် အနိုင်ရမှ ကျေနပ်ကြ၏။ သို့သော် ပုထုဇဉ်အများစု၏
အနိုင်ယူနည်းကား တရားနည်းလမ်းမကျသော အပါယ်ကျမည့် အနိုင်ယူမူမျိုးသာ
ဖြစ်နေတတ်၏။
ဟိန္ဒူဘာသာဝင်များချည်းသာရှိသော
အိန္ဒိယနိုင်ငံကြီးတစ်ခုလုံးကို ဗုဒ္ဓဘာသာ နိုင်ငံကြီးတစ်ခု ဖြစ်သွားအောင်
ပြုလုပ်နိုင်ခြင်းမှာ တခြားတန်ခိုးမဟုတ်၊ ဗုဒ္ဓ၏ မေတ္တာတန်ခိုးသာဖြစ်၏။
မည်သည့် ပြဿနာမျိုးမဆို ဗုဒ္ဓက မေတ္တာဖြင့်သာ အနိုင်ယူစေချင်၏။
ဤအနိုင်ယူနည်းသည်သာလျှင် နိဗ္ဗာန်ရောက်မည့် အနိုင်ယူနည်းဖြစ်၏။ တခြားသော
အနိုင်ယူနည်းများကား အပါယ်ကျမည့် အနိုင်ယူနည်းများသာဖြစ်၏။
အောင်ခြင်းရှစ်ပါးသည်
ဗုဒ္ဓ၏ မေတ္တာအောင်ပွဲများကို သက်သေပြုခြင်း ပင်ဖြစ်၏။ မြန်မာလူမျိုး၊
မြန်မာနိုင်ငံဟုဆိုလျှင် ကမ္ဘာကသိသူနည်း၏။ အင်ဒိုနီးရှားနိုင်ငံ
ဂျာဗားကျွန်းကပင် ထင်နေကြသဖြင့် အတော်ဖြေရှင်းပြကြရ၏။ သို့သော် ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ နိုင်ငံကဟု ပြောလျှင်ကား
ချက်ချင်းသိကြ၏။ ကမ္ဘာစစ်ဖြစ်မည့်အရေးများကို
အောင်မြင်စွာတားဆီးနိုင်ခဲ့ပြီး ငြိမ်းချမ်းရေးအောင်ပွဲများကို
အရယူနိုင်ခဲ့သည်မှာလည်း ဦးသန့်၏ မေတ္တာတန်ခိုးပင်ဖြစ်၏။
ထိုကဲ့သို့
အနိုင်မယူဘဲ “သူကပါးရိုက်လျှင် ငါကနားကိုက်မည်”ဟူသောနည်းမျိုးဖြင့်
အနိုင်ယူနေသမျှ နိဗ္ဗာန်နှင့်ဝေးနေကြဦးမည်သာ ဖြစ်၏။ အိမ်ရှေ့မင်းနှင့်
နန်းမတော်မယ်နုတို့သည် ရာထူးကြီးဖို့၊ အာဏာရဖို့ အသင်းအပင်းများဖို့
ပြိုင်ဆိုင်ရုံနှင့် အားမရတော့ဘဲ သံဃာတော်စာအောင်ပွဲအထိပါ
ပြိုင်လာကြတော့သည်။
စစ်ကိုင်းမင်းနှင့်
နန်းမတော်ကြီးတို့သည် နှစ်စဉ်ပထမပြန် စာမေးပွဲတော်ကျင်းပပေး၏။
ထိုစာပြန်ပွဲတွင် နှစ်စဉ်အိမ်ရှေ့မင်း၏ကျောင်းမှ
ပထမကျော်ပုဂ္ဂိုလ်ထွက်နေသဖြင့် နန်းမတော်မယ်နု၏မောင် စလင်းမင်းသားကြီး
ဦးအိုကလည်း သူကိုးကွယ်ရာကျောင်းမှာ ပထမကျော်ဘွဲ့ ဆွတ်ခူးစေချင်သော
ဆန္ဒပြင်းပြလျက်ရှိသည်။
သို့သော်
သူ၏ဆန္ဒပြည့်ရန် အနိုင်ယူခြင်းသည် ဗုဒ္ဓနှင့် ဆန့်ကျင်ဘက် တိတ္ထိဆရာကြီးတို့၏
နည်းလမ်းပင်ဖြစ်၏။ ဗုဒ္ဓဘာသာဝင် မှန်သမျှ ဘုရားရှင်၏ တပည့်အမည်ခံပြီး
တိတ္ထိဆရာကြီးများ၏ နည်းလမ်းကို လုံးဝအသုံးမပြုသင့်ပေ။
ကိုယ်နှင့်
မထိုက်တန်ပါဘဲ ငွေထိုးပြီး ရာထူးကိုအရယူခြင်း၊ ငွေထိုးပြီး
နိုင်ငံခြားပညာတော်သင် ထွက်ရအောင် လုပ်ခြင်းတို့သည် တိတ္ထိဆရာကြီးများ၏
နည်းလမ်းများပင်ဖြစ်၏။
ပထမပြန်စာမေးပွဲအကြောင်းကို ပြန်ဆက်ပါအံ့။
စာမေးပွဲနီးလာသောအခါ
အိမ်ရှေ့မင်းသည် သူ့ကျောင်းမှ ပထမကျော်ဆွတ်ခူးနိုင်မည့် ရဟန်းကို
ဦးအိုခိုးသွားကြောင်းသိသဖြင့် စစ်ကိုင်းမင်းထံ တိုင်တန်လေသည်။
စစ်ကိုင်းမင်းမှာ ညီတော်နှင့် မိဖုရား၏ မောင်တော်ကြားဝယ်
ဆုံးဖြတ်ချက်ပေးရန် အခက်ကြုံနေ၏။
လူမူရေးကိစ္စမဟုတ်ဘဲ
သာသနာရေးကိစ္စဖြစ်နေသဖြင့် နောက်ဆုံးတွင် သုဓမ္မာဆရာတော်ကြီးများနှင့်
သာသနာပိုင်ထံသို့ လွှဲအပ်လိုက်သည်။ ထိုဆရာတော်များကလည်း
ဆုံးဖြတ်ချက်မချနိုင် ဖြစ်နေတော်မူကြသည်။ တကယ့်အခက်အခဲနှင့်
ကြုံတွေ့ရချိန်တွင် ပညာရှိ၏အစွမ်းအစကို သိရလေပြီ။
အားလုံး၏
သဘောတူခွင့်ပြုချက်ဖြင့် ထိုအမူကိုဆရာတော် ဦးဗုဓ်မှာ ဆုံးဖြတ်ပေးပါရန်
လွှဲအပ်လိုက်သည်။ ဆရာတော်သည် ရှောင်လွှဲ၍ မရနိုင်သဖြင့် အမူကို
ဆုံးဖြတ်ပေးရန် လက်ခံလိုက်ရတော့သည်။
မေတ္တာရှင်(ရွှေပြည်သာ) “လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment