Saturday, December 6, 2014

"ဆုတောင်းများလှတဲ့ သြကာသ ကန်တော့ချိုး"

တောက်…..တောက်…..တောက်……. အာရုဏ်ဦးကုလားတက်အသံရဲ့ ပယောဂကြောင့် ကျွန်တော်အိမ်မက် အမှောင်ထုမှ ညင်သာစွာနိုးထလာလေသော သကာလ အိပ်ချင်မူးတူးဖြင့် အရာရာ မှုန်ဝါးဝေရီဆဲ။ “…….ဘုရားရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြှော်မာန်လျှော့ ကန်တော့ပါ၏ဘုရား ကန်တော့ရသော အကျိုးအားကြောင့် အပယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပ္ပတ္တိတရား လေးပါး၊ ဗျဿနတရား ငါးပါး၊ အနာမျိုးကိုးဆယ့်ခြောက်ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် ချမ်းသာ တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား….. အဟံဘန္တေ….”

အိပ်မှုန်စုတ်ဖွားဖြစ်နေသောကြောင့် ခေါင်းရင်းဘက်အိမ်မှ အန်တီကြီးရဲ့ ဘုရားရှိခိုးသံကိုပင် အပြည့်စုံ အာရုံမရ၊ အရင့်အရင် ဘုရားရှိခိုးသောအခါ သတိမရမိသော်လည်း ယနေ့ကျကာမှ ဘာစိတ်ကူးပေါက်သည်မသိ မျက်လုံးမှိတ်လျက်သားနှင့် ကျန်သော ဆုတောင်းပိုဒ်ကို နားထောင်ရင်း ကျွန်တော် တခု စဉ်းစားမိလေတော့သည်ကား သြကာသ ဘုရားရှိခိုးတွင် ဘယ်လိုဖြစ်လို့ အဲဒီလောက်ဆုတောင်းတွေ ပါနေတာလည်း?.... ရှိခိုးတာက နည်းနည်းလေး များလိုက်တဲ့ ဆုတောင်းတွေပါကလား…. ငါဖတ်ဖူးသလောက်လည်း ဗုဒ္ဓဝါဒဟာ ဆုတောင်းဝါဒလည်းမဟုတ်ပဲ ဘာလို့ အဲလောက်ဆုတောင်းတွေ များနေတာလည်း??.... ဒီလိုနဲ့ ကျွန်တော်စဉ်းစားရင်း မေးရင်းနဲ့ အချိန်ကုန်ခဲ့တာ ရက်သတ္တပတ်တွေရှစ်လီလွန်လို့ နှစ်လလည်း မြောက်လေပြီ… အဖြေကား မသေချာသေး။ တချို့ကလည်း ရှေးက အဋ္ဌကထာဆရာတွေ လုပ်ခဲ့တာပဲ အဲအတိုင်းဆို၊ တချို့ကလည်း မဂ်ဖိုလ်နိဗ္ဗာန်ဆိုတာ ဆုတောင်းတိုင်းမပြီး ကိုယ်လုပ်မှရမယ်၊ ဒါန သီလဆိုတာလည်း နိဗ္ဗာန်ကို တိုက်ရိုက်ရောက်စေတာမဟုတ်ဘူး စသည်ပေါ့….။ ဒီလိုနဲ့ ကြာသွားတော့လည်း မေ့ပျောက်ပျောက်ဖြစ်သွားတယ်ထင်ပါရဲ့။
တခုသောအင်္ဂါနေ့တွင်ကား သွားလည်းသွားချင် လမ်းလည်းသင့်သောကြောင့် ရွှေတိဂုံဘုရားပေါ်သို့ ယောင်ပေပေနှင့် ရောက်သွားလေသည်။ ဘုရားဝတ်ပြုပြီး အင်္ဂါထောင့်တွင် ခဏ နားနေစဉ် အမှတ်မထင် ဦးဇင်းတပါးကိုတွေ့မိလေရာ အခြားသူမဟုတ် ကျွန်တော်ရဲ့ ဦးလေးတော်သူဖြစ်သဖြင့် နှုတ်ဆက်ရင်း ရှေးဟောင်းနောက်ဖြစ်အကြောင်းမှ တိုက်ဆိုင်လျက် ကျွန်တော်သိချင်လှသော သြကာသကန်တော့ချိုးရှိ ဆုတောင်းရဲ့ အဓိပ္ပါယ်ကို မေးမိလေသောအခါ ဦးဇင်းက “အေး မင်း ထင်တာမှားတော့ မမှားပါဘူး ဒါပေမဲ့ရှေးတုံးက အဋ္ဌကထာဆရာတွေ အဲဒီ ဆုတောင်းတွေကို ထည့်ထားတာ အလကားမဟုတ်ဘူး..” “…ရှင်းပြတော်မူပါဦး ဦးဇင်း…” “အေး ကောင်းပြီ သေချာမှတ်ထား အဲဒီ ဆုတောင်းကို ထည့်ရေးရတဲ့ အကြောင်းရင်းကတော့ ဆုတောင်းစေချင်တာထက်ကို ကိုယ့်မှာ လူ့ဘဝကို ရလာပေမဲ့ ဘေးရန်တွေရှိနေတယ် ကိုယ်သာ ဒါနကောင်းမှု သီလကောင်းမှု ဘာဝနာကောင်းမှု မလုပ်ဘူးဆိုရင် အပယ်ဘေးတွေ၊ ကပ်ဘေးတွေ၊ ဘုရားအဆုံးအမကို ကြားနာခွင့်မရတဲ့ဘဝတွေ၊ မိမိအကျိုးစီးပွား၊ အသက်အန္တရယ်ကို ဖျက်ဆီးမဲ့ ရန်သူဘေးတွေ၊ ဆုတ်ယုတ်ခြင်းဆိုတဲ့ဘေးတွေ၊ ပျက်စီးခြင်းဆိုတဲ့ဘေးတွေ အဲဒီ ဘေးအန္တရယ်တွေ ကိုယ့်မှာ ဝိုင်းနေတယ် ဆိုတာကို မမေ့စေတာ သတိရစေချင်တာ အကယ်၍ မေ့ခဲ့မယ်ဆိုရင် အဲလို အဖြစ်ဆိုးတွေနဲ့ ကြုံရမယ်ဆိုတာကို သတိရစေချင်တာ၊ အဲဒီလို ဘေးတွေကနေ လွတ်မြောက်စေတဲ့ လမ်းကလည်း မဂ်တရား ဖိုလ်တရား ဆိုတဲ့ မဂ်လမ်း တခုတည်းပဲရှိတယ်ဆိုတဲ့အကြောင်း။ အဲဒီအရာကို သတိရစေပြီးတော့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင် အားထုတ်ဖို့ သတိလည်စေဖို့ ရည်ရွယ်ပြီး ထည့်ရေးထားတာပါ ဒကာရယ်။ အတွေးမမှားပါနဲ့ ဆုတောင်းတာကို အဓိက ရည်ရွယ်တာ မဟုတ်ပါဘူး မင်းတို့ ဦးဇင်းတို့က သတိမေ့တတ်တဲ့သူတွေဆိုတော့ ဒါကိုရှိခိုးတိုင်း ဒီလိုဘေးအန္တရယ်တွေရှိနေကြောင်းသိမယ်။ အဲဒီ လွတ်လမ်းကိုလည်း သိစေမယ် အဲဒီတော့ အားထုတ်မယ်ပေါ့……” “တပည့်တော်နားလည်ပါပြီဘုရား ကျေးဇူးလည်းတင်ပါတယ် ဦးဇင်း အချိန်ရရင် အိမ်ကိုလည်း ကြွပါဦးဘုရား…” “….အေး နောက် အချိန်ရရင် ကြွတာပေါ့….” “တင်ပါ့ တပည့်တော်ကို ခွင့်ပြုပါဦးဘုရား” “အေးအေး ဂရုစိုက်ပြန်ဦး ဒကာ” “တင်ပါ့ဘုရား…”။ ဘုရားပေါ်က ပြန်ဆင်းလာသော ကျွန်တော် ပြုံးလျက် စိတ်ထဲမှ ရွတ်ဆိုမိသည်ကား ထိုသြကာသ ကန်တော့ချိုး၊ နောက်ဆက်တွဲအတွေးသည်ကား ထိုကန်တော့ချိုးကို ရေးသားသော အဋ္ဌကထာဆရာ၏ ကောင်းမြတ်လှသော အကြံစည်ကို ပုံဖော်စိတ်ကူး၍ မေတ္တာပို့လျက်သာ………။

credit source zaw htet maung

No comments:

Post a Comment