Friday, December 5, 2014

ယမမင်းနှင့်ပတ်သတ်သော မှတ်ချက်များ

ယမမင်းနှင့်ပတ်သတ်သော မှတ်ချက်များ
အရှင်ဘုရား တပည့်တော်မသိလို့ လျှောက်ပါရစေ ဘုရား။မြတ်စွာဘုရားဆိုလည်း တစ်ဆူပြီး တစ်ဆူ ပွင့်ခဲ့ပါတယ်။သိကြားမင်း ဆိုရင်လည်း သက်တမ်းအလိုက် နတ်သက်ကြွေပြောင်းလဲခဲ့ပါတယ်။ ဒို့အတူ ယမမင်းရော သက်တမ်းအလိုက် ပြောင်းလဲမှုရှိပါလား ဘုရား။ ယမမင်းအကြောင်း ရေးထားတဲ့ စာ သမိုင်းကို မဖတ်ဖူးလို့ပါဘုရား အမှားပါက ခွင့်လွှတ်တော်မူပါဘုရား။

ဝေဠုအရှင်ဟာ ဖေ့ဘုတ်မှာ ဘာသာရေးဆိုင်ရာပို့စ်လေးတွေကို လူငယ်တွေအတွက် အဓိကထားပြီး တင်ဖြစ်နေတဲ့အတွက် စိတ်ဝင်တစားဖတ်ရှုသူတွေ၊ ခုလို သိချင်တာကို စိတ်ဝင်တစားမေးမြန်းသူတွေ ရှိလာတာကို တွေ့ရလို့ ၀မ်းသာရပါတယ်။ တကယ်ဆိုတော့ ယမမင်းဆိုတာ ဗုဒ္ဒဘာသာဝင်တိုင်း နားယဉ်ပြီးသား ဝေါဟာရတစ်ခုပါ။ ဒါပေမယ့် တကယ်ခြေခြေမြစ်မြစ်တော့ သူ့အကြောင်းကို မလေ့လာခဲ့ဖူးတာကို ဝေဠုအရှင်လည်း ၀န်ခံရမှာပါ။ အမေးရှိလာတော့လည်း အဖြေရှိရတော့မှာမို့ နီးစပ်တဲ့ စာအုပ်တွေကို လှန်လှောရှာဖွေရပါတော့တယ်။ ဝေဠုအရှင်ဟာ ကိုရီယားမှာ ရောက်နေတာမို့ ပိဋကတ်သုံးပုံစာအုပ်တွေ ဒီမှာ မစုံပါဘူး။ အင်တာနက်မှာ ရှာရတာလည်း အဆင်မပြေ၊ သူများတွေလို အိုင်ပတ်ပ်တွေ ဘာတွေလည်း မရှိတာမို့ ယမမင်းအကြောင်း ရှာရတာ တော်တော်ခက်ခဲခဲ့ပါတယ်။ နောက်ဆုံးတော့လည်း ယမမင်းအကြောင်း လုံလောက်တဲ့ အဖြေတွေရရှိခဲ့ပါတယ်။ ယမမင်းနှင့် ပတ်သတ်သော မှတ်ချက်များအတွက် ၀ိုင်းဝန်းကြိုးစားပေးခဲ့ကြသော မြန်မာ၊ အိန္ဒိယ၊ သီရိလင်္ကာနိုင်ငံမှ ညီတော် နောင်တော် သံဃာတော်များ၊ ကိုရီးယားနိုင်ငံမှ ဒကာတော်များကို အထူးကျေးဇူးတင်ပါကြောင်း မှတ်တမ်း တင်ပါရစေ။
ယမမင်းနှင့်ပတ်သတ်သော မှတ်ချက်များကို တိတိကျကျဖြစ်စေဖို့အတွက် ကျမ်း အကိုးအကားဖြင့် တင်ပြပါရစေ။
ယမမင်းဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ
====================
ယမမင်းဆိုသည်မှာ ဝေမာနိက ပြိတ္တာမျိုးဖြစ်သည်။ တခါတရံတွင် နတ်လိုစံရပြီး၊ တခါတရံတွင် ယမမင်းအဖြစ် ငရဲရောက်လာသူများကို စစ်ရသည်။ ယမမင်းသည် တစ်ဦးတည်း ရှိသည်မဟုတ်။ လေးဦးရှိသည် တံခါးလေးပေါက်တွင် တစ်ဦးစီ စောင့်ရသည်။
ယမဿ ရညောတိ ယမရာဇာ နာမ ဝေမာနိကပေတရာဇာ, ဧကသ္မိံ ကာလေ ဒိဗ္ဗဝိမာနေ ဒိဗ္ဗကပ္ပရုက္ခဒိဗ္ဗဥယျာနဒိဗ္ဗနာဋကာဒိသမ္ပတ္တိံ အနုဘဝတိ, ဧကသ္မိံ ကာလေ ကမ္မဝိပါကံ, ဓမ္မိကော ရာဇာ။ န စေသ ဧကောဝ ဟောတိ, စတူသု ပန ဒွါရေသု စတ္တာရော ဇနာ ဟောန္တိ။ (ဥပရိပဏ္ဏာသ၊ ဋ္ဌ၊ ၁၆၄။)
ငရဲစောင့်(ငရဲထိန်း)ဟူသည် ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ
============================
အချို့(ကေစိ)ဆရာတို့က ငရဲစောင့် (ငရဲထိန်း)ဟူသည် မရှိ၊ ယန္တရားနှင့်တူသည်ဟုဆိုသည်။ ၄င်းအဆိုသည် အဘိဓမ္မာနှင့် ဆန့်ကျင်သည်။ သမာန ဆရာတို့က ငရဲထိန်းရှိသည်။ လူပြည်တွင် တာဝန်ထမ်းရသော အာဏာသား၊ လူသတ်သမားတို့နှင့် အလားတူသည်ဟု ဆိုပါသည်။
တတ္ထ ဧကစ္စေ ထေရာ ‘‘နိရယပါလာ နာမ နတ္ထိ, ယန္တရူပံ ဝိယ ကမ္မမေဝ ကာရဏံ ကာရေတီ’’တိ ဝဒန္တိ။ တေသံ တံ ‘‘အတ္ထိ နိရယေ နိရယပါလာတိ, အာမန္တာ, အတ္ထိ စ ကာရဏိကာ’’တိအာဒိနာ နယေန အဘိဓမ္မေ (ကထာ။ ၈၆၆) ပဋိသေဓိတမေဝ။ ယထာ ဟိ မနုဿလောကေ ကမ္မကာရဏကာရကာ အတ္ထိ, ဧဝမေဝ နိရယေ နိရယပါလာ အတ္ထီတိ။ (ဥပရိပဏ္ဏာသ၊ ဋ္ဌ၊ ၁၆၄။)
ယမမင်းသည် ထာဝရ မြဲသလား၊ ပြောင်းဖြစ်သလား
=============================
မမြဲပါ။ ဘုရားရှင်သည်ပင် နုစဉ်အခါက ယမမင်းဖြစ်ခဲ့ဖူးကြောင်း မိန့်တော်မူဖူးပါသည်။
ငါသည် ရှေးယမမင်းဖြစ်စဉ်အခါက မကောင်းမှုအကုသိုလ်ပြုကုန်သူတို့သည် အထူးထူးအပြားပြား ညှဉ်းပမ်းနှိပ်စက်မှုများကို ခံစားရသည်ကို မြင်သောအခါ-
၁။ ငါသည် လူ့အဖြစ်ကို ရရင် ကောင်းမှာပဲ။
၂။ ထိုအခါ လောကမှာ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ပွင့်ရင်ကောင်းမှာပဲ။
၃။ ထိုဘုရားရှင်ကို ဆည်းကပ်ရရင် ကောင်းမှာပဲ။
၎။ ထိုဘုရားရှင်သည် ငါ့အား တရားဟောရင် ကောင်းမှာပဲ။
၅။ ငါသည် ထိုဘုရားရှင်၏ တရားကို သိနားလည်ရင် ကောင်းမှာပဲ။
ဟု အကြံဖြစ်ခဲ့ဖူးသည်။
‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, ယမဿ ရညော ဧတဒဟောသိ – ‘ယေ ကိရ, ဘော, လောကေ ပါပကာနိ အကုသလာနိ ကမ္မာနိ ကရောန္တိ တေ ဧဝရူပါ ဝိဝိဓာ ကမ္မကာရဏာ ကရီယန္တိ။ အဟော ဝတာဟံ မနုဿတ္တံ လဘေယျံ။ တထာဂတော စ လောကေ ဥပ္ပဇ္ဇေယျ အရဟံ သမ္မာသမ္ဗုဒ္ဓေါ။ တဉ္စာဟံ ဘဂဝန္တံ ပယိရုပါသေယျံ။ သော စ မေ ဘဂဝါ ဓမ္မံ ဒေသေယျ။ တဿ စာဟံ ဘဂဝတော ဓမ္မံ အာဇာနေယျ’န္တိ။ (ဥပရိပဏ္ဏာသပါဠိ၊ ၂၂၄။)
ဘုရားရှင်ရဲ့ ၀န်ခံချက်
============
ရဟန်းတို့ ငါသည် ဒီ ဒေ၀ဒူတသုတ်ကို အခြားသော သမဏ ဗြဟ္မဏ တို့ထံမှ ကြားလို့ ဆိုတာ မဟုတ်၊ ကိုယ်တိုင်သိ၊ ကိုယ်တိုင်မြင်၊ ကိုယ်တိုင်ခံစားဖူးသည့်အတိုင်းသာ ဒီသုတ်ကို ဟောခြင်းဖြစ်၏။
တံ ခေါ ပနာဟံ, ဘိက္ခဝေ, နာညဿ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ သုတွာ ဝဒါမိ, အပိ စ ယဒေဝ သာမံ ဉာတံ သာမံ ဒိဋ္ဌံ သာမံ ဝိဒိတံ တဒေဝါဟံ ဝဒါမီ’’တိ။ (ဥပရိပဏ္ဏာသပါဠိ၊ ၂၂၄။)
ဒီလောက်ဆိုရင် ယမမင်းနဲ့ ပတ်သတ်တဲ့မှတ်ချက်က တော်တော်ခိုင်မာပြီလို့ ယူဆတဲ့အတွက် မေးခွန်းရှင်လည်း ကျေနပ်နှစ်သက်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ မေးခွန်းနဲ့ ဆီလျော်အောင် အချုပ်ဖြေကြားရမယ်ဆိုရင်တော့ ယမမင်းလည်း သုံးဆယ့်တစ်ဘုံသား ဝေမာနိကပြိတ္တာမျိုးဖြစ်တာကြောင့် မမြဲပါဘူး။ အပြောင်းအလဲ ရှိကြောင်း၊ တစ်ဦးတည်း မဟုတ်ကြောင်း၊ စစ်ဆေးမေးမြန်းတယ်ဆိုရာမှာလည်း သေဆုံးသွားသူတိုင်း စစ်ဆေးခံရသည်မဟုတ်။ ငရဲရောက်လာသူများကိုသာ စစ်ဆေးရကြောင်း၊ တစ်ချို့ပုဂ္ဂိုလ်များ မသေမီကပင် နတ်ဗိမာန်ပေါက်ပြီးဖြစ်၍ ၄င်းဗိမာန်သို့ တမ်းရောက်ကြသည်ကို နမူနာယူမှတ်သား၍ အကုသိုလ်များသူများသာ စစ်ဆေးခံရနိုင်ပြီး ကုသိုလ်ကံအားကြီးသူများမှာ စစ်ဆေးခံရဖွယ် မရှိကြောင်း မှတ်သားရမှာပါ။ အားလုံးပဲ ဘာသာရေး ဗဟုသုတတွေ ရရှိပြီး ဘ၀ထဲမှာ ဓမ္မတွဲနိုင်ကြပါစေ...။
မေတ္တာဖြင့်-
အရှင်ဝေဠုရိယ(ဓမ္မရိပ်ငြိမ်)

No comments:

Post a Comment