Tuesday, May 14, 2013

မိဘက “သား” လို့ တစ်ခါမှ မခေါ်ဖူးဘူးဆိုတော့ လွန်လွန်းရာ ဖြစ်သွားမယ်။

တစ်နေရာနဲ့  တစ်နေရာ၊  တစ်ဒေသနဲ့ တစ်ဒေသ၊ တစ်အိမ်နဲ့ တစ်အိမ်၊  တစ်မိသားစုနဲ့ တစ်မိ
သားစု၊ တစ်ယောက်နဲ့ တစ်ယောက်၊ သဘောထားချင်း မတူနိုင်ကြဘူး။ အဖေ အဖေချင်းမတူကြဘူး။
အမေ အမေချင်းမတူကြဘူး။ တစ်ချို့အဖေအမေတွေက သားသမီးကို ပုံချစ်ပစ်လိုက်တယ်။ တစ်ချို့
အဖေအမေတွေကျတော့ သားသမီးကို ချစ်တော့မယ်ဆိုရင် သိုသိုသိပ်သိပ်ချစ်တယ်။ ဘယ်အဖေဖြစ်
ဖြစ် သားသမီးကို ချစ်ပါသည်။ ဘယ်အမေဖြစ်ဖြစ် သားသမီးကို ချစ်ပါသည်။ ချစ်ပုံချစ်နည်းသာကွာ
တာ။ အဲဒီလိုဆိုတော့ ပြောစရာက ဖြစ်လာတာပေါ့လေ၊ ဦးဇင်းတို့ အဖေကလည်း ကိုယ့်ကိုချစ်တာပဲ
ဦးဇင်းတို့ အမေကလည်း ကိုယ့်ကိုချစ်တာပါပဲ။

ဦးဇင်းတို့ အဖေနေရတဲ့ အရပ်ဒေသ ပတ်ဝန်းကျင်က အဲဒီလို လွှမ်းမိုးတယ်၊ ဦးဇင်းတို့ အဖေ
နေရတဲ့ ပတ်ဝန်းကျင်ဒေသ၊ ကြီးပြင်းရတဲ့ အရပ်ဒေသက ဘာတွေလွှမ်းမိုးသလဲဆိုတော့၊ ဘယ်လိုပုံ
စံ လွှမ်းမိုးလိုက်သလဲ မသိဘူး၊ အမေလုပ်တဲ့သူက သားသမီးကို ပွေ့ချီရင်ကိုပြောတာ၊ သားသမီးကို
မချစ်နဲ့ မပြောဘူးတဲ့။ ချစ်တော့ချစ် သိအောင်မချစ်နဲ့တဲ့။ နမ်းချင်ရင်တောင် သူအိပ်နေတုံး နမ်းစမ်း
ပါတဲ့။ သူသိအောင် မနမ်းနဲ့၊ သူသိအောင် မချစ်နဲ့တဲ့။
ဦးဇင်းတို့ကိုယ်တိုင် ခံစားရတာနဲ့ပြောရင်၊ မှတ်မိသည့် အရွယ်ထိ အဖေကိုယ်တိုင် “သား” လို့
တစ်ခါမှ မခေါ်ဖူးဘူး။ အဖေ့ကို အပြစ်ပြောတာ မဟုတ်ဘူး၊ သူနေရတဲ့ ပတ်ဝန်းကျင်၊ သူရဲ့အသိုင်း
အ၀ိုင်း၊ သူနေရတဲ့ ရပ်ကွက်၊ သူနေရတဲ့ ရွာ၊..အဲဒီဓာတ်တွေက လွှမ်းမိုးတဲ့  အတွက်ကြောင့်   ကိုယ့်
သားကိုတောင် “သား” လို့ မခေါ်ချင်၊ ခေါ်ချင်ပေမဲ့ မခေါ်တာ။ အဖေ့ရဲ့ မာနလို့တော့ မပြောချင်ဘူး
အိုး…လိုတာဝယ်ပေးမယ်၊ ရှာကျွေးမယ်၊ သားကသိအောင် မချစ်ချင်ဘူး၊  သမီးကသိအောင်  မချစ်
ချင်ဘူး။ ဒါပေမဲ့ တစ်ဖက်လူ  သားဖြစ်တဲ့ ပုဂ္ဂိုလ်… မခံစားရဘူးလား ?။
တစ်ခါမှ  မခေါ်ခဲ့ဖူးဘူးဆိုတော့  လွန်လွန်းရာ ဖြစ်သွားမယ်။  တစ်ခါတော့  ခေါ်ခဲ့ဖူးပါတယ်။
ဘယ်အချိန် ခေါ်တာလဲဆိုတော့ ဆယ်တန်းစာမေးပွဲ ဖြေခါနီး အချိန်မှာ ဦးဇင်းတို့ တစ်ဆယ့်ငါးရက်
လောက် သေသေချာချာ စာကျက်ပါတယ်။ ပင်ကိုကလည်း ကျန်းမာရေး မကောင်းတော့ အဲဒီတုံးက
သွေးပေါင်ချိန်  ငါးဆယ်လောက်ပဲ ရှိတယ်၊  ကိုယ်မသိဘူး။  ပုံမှန်ဆိုရင်  ခြောက်ဆယ်၊  ခုနှစ်ဆယ်
ရှိတယ်။ အိုး…သူတို့ အိပ်နေပြီလား၊ မအိပ်သေးဘူးလား တော့ မသိဘူး။  ည ကိုးနာရီ၊   ဆယ်နာရီ၊
လောက်မှာ ထမင်းစားခန်းကိုဖြတ်၊ မီးဖိုချောင်ထဲကို ၀င်တော့၊ အဲဒီမှာ သကြားပုလင်းနဲ့   ဖျော်ရည်
ဖျော်သောက်မယ်လဲ  လုပ်ရော…   လူကမူးသွားတာ၊ သွေးအားနည်းလို့  မူးအသွားမှာ  ပန်းကန်စင်
ကြောင်အိမ်ကြီးကို ကိုင်ထားလိုက်တယ်။ အိုး…စီထားလိုက်တာ ထောင်ထောင်၊  ထောင်ထောင်ကြီး၊
မိသားစုတွေများတော့ အများကြီး စီထားလိုက်တာ။  အဲဒီမှာတင် မူးပြီးလဲအကျမှာ ဒီဟာကြီးကို   ငါ
ကိုင်ရမှာလား၊ လွတ်ရမှာလားလို့ စဉ်းစားတာ။ ကိုင်ထားရင် ငါ့အပေါ်မှာကျ ငါလည်းသေ၊ အကုန်လုံး
လည်းကွဲ၊ ဒုက္ခရောက်မယ်။ ကဲ သေချင်သေ ဆိုပြီးတော့ လွတ်ချလိုက်တာ၊ လူကဘယ်လို  ပြုတ်ကျ
သွားမှန်းမသိ၊..မေ့သွားတယ်။ ပန်းကန်စင်က “ဂလုံးဂလုံး” အသံ ကြားတယ်နဲ့ တူပါတယ်။ အဲဒီအသံ
တွေ ဘာတွေတောင်  ကိုယ် ဂရုမစိုက်လိုက်၊ မသိလိုက်ဘူး။ ကိုယ်က ခွေပြီးတော့ မေ့ကျသွားတယ်။
အဲဒီ.. မေ့နေတဲ့ အချိန်မှာ “ငါ့သား၊ ငါ့သား” လို့ ခေါ်သံကြားတယ်၊ မေ့နေရာက စပြီး ပထမ
ဆုံး ကြားလိုက်ရတာက အဖေက “ငါ့သား” လို့ ခေါ်တဲ့ အသံ။ အဲဒီ အသံလေးကြားလို့ ကိုယ်ပဲမေ့နေ
ရာကနေ ပြန်ပြီး သတိရလာတယ်။ အို..သူတော်ကောင်းတို့ မိဘဖြစ်ပြီးတော့ သားသမီးကို  ချစ်ရမှာ
ရှက်သလား ?။ ဘယ်လိုတွေ ချစ်နေသလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးလိုက်စမ်းပါ။  ဘယ်သားဖြစ်ဖြစ်၊
ဘယ်သမီးဖြစ်ဖြစ်၊ သားရယ်၊ သမီးရယ်လို့ အခေါ်ခံချင်ကြတယ်။ ဒါ..ရှက်စရာ မဟုတ်ဘူး။  အဲဒါကို
ပေးမခေါ်ပဲနဲ့ ကိုယ်ချစ်ချင်တိုင်း ကြိတ်ချစ်တာမျိုးနဲ့ ခံစားနေရတဲ့ မိဘနဲ့သားသမီး၊ ဆက်ဆံရေးတွေ
တစ်ပုံကြီး။ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ တရားစခန်း လာဝင်တဲ့  ယောက်ျားလေး၊  မိန်းခ
လေးတွေကိုဆိုရင် ဘုန်းကြီးဖြစ်တဲ့  ပုဂ္ဂိုလ်ကလည်း သားတို့၊  သမီးတို့ခေါ်တာ။   ဝေယျာဝိစ္စလုပ်တဲ့ ပုဂ္ဂိုလ်တွေကလည်း ဘယ်သူ့ကိုတွေ့တွေ့ ယောက်ျားလေးဆိုရင် သား။ ဘယ်သူ့ကိုတွေ့တွေ့  မိန်းခ
လေးဆိုရင် သမီး။ တကယ့်ကို သားသမီး အရင်းပမာ မေတ္တာထားပြီး ဆက်ဆံတာ။
သားလေးတစ်ယောက် ငိုတယ်။ သူ့အဖေက သူ့ကို “သား”  လို့ မခေါ်ဖူးဘူးတဲ့။  သူ့အမေက
လည်း “သား ” လို့  ချိုချိုသာသာ မပြောဖူးတဲ့။ ဒီမှာကျမှ “သား” လို့ ခေါ်တာကြားရလို့ ၀မ်းသာတာ
တဲ့။  “သား” လို့ အခေါ်ခံချင်တာ၊  “သား” လို့ အခေါ်ခံရလို့  ၀မ်းသာပြီး  “ငို”  မိတယ်တဲ့။  သူတော်
ကောင်းတို့ သဘောပေါက်လိုက် ကြစမ်းပါ။ တကယ်တွက်ကြည့်ရင် ထမင်းကျွေး၊ အ၀တ်အစား  ပေး
တာထက် မေတ္တာဓာတ်လေးနဲ့ စကားလေးတစ်လုံး ချိုချိုသာသာလေး ပြောပေးတာလောက် အရသာ
မရှိဘူး။ အမေက“သား”၊ အဖေက “သား”၊ အမေက“သမီး”၊ အဖေက“သမီး”၊ ခေါ်လို့ ခံစားလိုက်ရတဲ့
အရသာ၊ ကြားလိုက်ရတဲ့ အရသာလောက်  ကောင်းတဲ့အရသာ မရှိဘူး။ မြင်ရတဲ့ အရသာ၊ ကြားရတဲ့
အရသာ၊ နံရတဲ့ အရသာ၊ စားရတဲ့ အရသာ၊ ထိတွေ့ရတဲ့ အရသာ။ အိုး.. တချို့က စားရတဲ့ ချို၊ချဉ်၊
စပ်၊ငံ၊ခါး၊အဖန် အရသာလောက်ပဲ အရသာရှိတယ် ထင်ကြတာ။ အဲဒီလိုပဲ မျက်စိ၊နား၊နှာခေါင်း၊လျှာ၊
ကိုယ်၊စိတ်တို့နဲ့ ဆက်စပ်ပြီး ဘယ်လောက်ကောင်းတဲ့ အရသာတွေကို ကိုယ်ဘယ်လောက်ထိ  ရပြီးပြီ
လဲ ?။ မိဘဆီက  ရတဲ့  မေတ္တာမျိုးလောက်  အရသာရှိတာ  မရှိပါဘူး။
ဒီလိုဆိုရင် ပြန်စဉ်းစား လိုက်စမ်းပါ၊  “အဖေ”၊  “အမေ”  လို့  သားက၊ သမီးက ခေါ်လိုက်ရင်
ဘယ်လောက် ကျေနပ်လိုက်မလဲ၊ ဘယ်လောက် အရသာ ရှိလိုက်မလဲ။ အခုထိ ကိုယ့် အမေကို အမေ
ရယ်လို့တောင် မသတ်မှတ် ချင်တဲ့သူ တစ်ပုံကြီး။ အခုထိ ကိုယ့်အဖေကို စော်စော်ကားကား  ဆက်ဆံ
နေတဲ့သူတွေ တစ်ပုံကြီး။ ကျွေးတာနဲ့မဆိုင်၊ မွေးတာနဲ့မဆိုင်၊ ကိုယ်မကျေနပ်တာလေး တစ်ခုနဲ့ အမေ
အဖေကို ပြန်မခေါ်ချင်တဲ့သူတွေ အများကြီးပါ။
ကိုယ့်ဖက် သူ့ဖက် ယှဉ်ကြည့်စမ်းပါ။ ကိုယ်က အဖေ့မေတ္တာ၊ အမေ့မေတ္တာကို လိုချင်သလို၊
မိဘကလဲ သားသမီး မေတ္တာကို လိုချင်မှာပဲ၊ တဖက်ကို မစဉ်းစားပဲနဲ့ ကိုယ်ဖြစ်ချင်တာတွေကို ဦးစား
ပေးခဲ့သည်ရှိသော်၊ ဖြစ်ချင်တာကို ဦးစားပေးလွန်းသည့် အတွက်ကြောင့် ဖြစ်နိုင်တာတွေ  ဖြစ်မလာ။
မိဘဖြစ်ပြီးတော့ သားသမီးကို မေတ္တာထားနိုင်ကြပါစေ။ သားသမီးဖြစ်ပြီးတော့ မိဘကိုမေတ္တာပေးနိုင်
ကြပါသဖြင့် ကြည်ကြည်ဖြူဖြူနဲ့ ဘ၀သံသရာ ခရီးကို လျှောက်လှမ်းနိုင်ကြပါစေကုန်သတည်း။ ။
{၂၀၀၆ ခုနှစ် ဧပြီလ ၁၅ ရက် မှော်ဘီမြို့၊သင်္ကြန်တရားစခန်းတွင် ဓမ္မဒူတ အရှင်ဆေကိန္ဒ
ဟောကြားတော်မူသော “ငြိမ်းအေးပါပေစွတကား“တရားတော်မှ ကောက်နုတ်ဖေါ်ပြသည်။}
—————————————————————————————————–
** ငရဲမီး နှင့် အဆိပ်သီး **
===============
၁ ။ ဘုရားပစ္စည်း၊  ငရဲမီး
သုံးနည်း  အလွန်ခက်။
၂ ။ သံဃာ့ပစ္စည်း၊  အဆိပ်သီး
စားနည်း  အလွန်ခက်။
၃ ။ စားသုံးမိလျှင်၊  တနင်နင်
သေလျှင်  အလွန်ခက်။
၎ ။ ငရဲသို့ကျ၊  ၀ဋ်ဒုက္ခ
လွတ်ပြန်  ရဖို့ခက်။
၅ ။ ငရဲဘ၀၊  လွတ်ပြန်က
ပြိတ္တာ  ဘုံသို့ဆက်။
၆ ။ ပြိတ္တာဘ၀၊  လွတ်ပြန်က
လူ့ဘုံ  ရောက်ဖို့ခက်။
၇ ။ လူ့ဘုံရောက်လာ၊  သာသနာ
ကြုံရ  ပြန်ဖို့ခက်။
၈ ။ သာသနာတွင်း၊  ကြုံကြိုက်လျင်း
ကျင့်ခြင်း  သာလို့ခက်။
၉ ။ ဘုရားသခင်၊  ဉာဏ်တော်ရှင်
ဖူးမြင်  ရဖို့ခက်။
၁၀။ အရိယာသံဃာ၊ ပေါ်သောအခါ
လှူဒါန်း  ရဖို့ခက်။ ။
(ပေတ၀တ္ထု၊ တိရောကဋသုတ်၊)

No comments:

Post a Comment