Wednesday, May 15, 2013

သင်…တနေ့မုချသေမည်ကိုသိလျှင်..ဖတ်ပါ…။(၂)

ကံအခွင့်သာ၍ ဥပစ္ဆေဒကကံဖြင့် သေရသူများ
၁။ ရှင်မဟာမောဂ္ဂလာန်သည် ရှေးက အမိကိုသတ်ခဲ့ဖူး၏။ အရှင်မောဂ္ဂလာန်ဘဝ၌ ထိုကံအခွင့်ရသဖြင့် ခိုးသားငါးရာတို့၏ သတ်ခြင်းခံရပြီး ပရိနိဗ္ဗာန်စံရသည်။
၂။ ဗိမ္ဗိသာရမင်းသည် ရှေးက ဘုရားရင်ပြင်၌ ဖိနပ်စီးခဲ့ဖူး၏။ ဗိမ္ဗိသာရမင်းဘဝ၌ ထိုကံကအခွင်ရသဖြင့် ခြေဖဝါး ဓားခွဲခံရပြီး နတ်ရွာစံရသည်။

၃။ သာမာဝတီအမှူးရှိသော နန်းတွင်းသူတို့သည် ရှေးကပစ္စေကဗုဒ္ဓါ သမာပတ်ဝင်စားနေစဉ် လောင်းကောင်ထင်၍ မီးရှို့ရာ သမာပတ်မှထသောအခါ သက်ရှိသေးကြောင်း သိလျက်မိမိတို့အမှုပေါ်မည်ကို စိုးရိမ်၍
ထပ်မံမီးတိုက်ခဲ့ဖူး၏။ ထိုကံက အခွင့်ရ၍ မာဂဏ္ဏီ၏ ဦးရီးတော်မှ မီးရှို့သတ်ခြင်းကို ခံရသည်။
ဤကား ရှေးဘဝကပြုခဲ့သော အကုသိုလ်၏ အခွင့်ရသဖြင့် သတ်ဖြတ်ခံရခြင်း ဥပစ္ဆေဒကကံဖြစ်သည်။
ယခုဘဝမှာပင်ဂုဏ်ကြီးသူများကို စော်ကားမိ၍ ဥပစ္ဆေဒကကံက ချက်ချင်းသတ်ဖြတ်သော သာဓကများရှိသည်။
၁။ ဒေဝဒတ်သည် ဘုရားရှင်ကိုစော်ကား၍ ချက်ချင်းမြေမျိုရသည်။
၂။ နန္ဒမည်သော နတ်ဘီလူးသည် ရှင်သာရိပုတ္တရာ၏ ဦးခေါင်းကို ပုတ်ခတ်သဖြင့် ချက်ချင်းမြေမျိုခံရသည်။
၃။ ကဿပဘုရားရှင်၏ လက်ယာတော်ရံ အဂ္ဂသာဝကအရှင်၏ ဦးခေါင်းကို ကျောက်ခဲဖြင့်ပစ်ပေါက်သော ဒုဿီမည်သော မာရ်နတ်သည် ချက်ချင်းမြေမျိုခံရသည်။
၎။ စိဉ္စမာဏဝိကာသည် ဘုရားရှင်ကို စွပ်စွဲစော်ကား၍ ချက်ချင်းပင် မြေမျိုခံရသည်။
၅။ ခန္တီဝါဒီရသေ့ကိုနှိပ်စက်သော ကလာဗုမင်းသည် ချက်ချင်းပင် မြေမျိုခံရသည်။
ဤသည်မှာ ထိုကံအတွက် သက်တမ်းစေ့အောင် မနေရဘဲ လတ်တလော ဥပစ္ဆေကကံဖြင့် သေရခြင်းမျိုး ဖြစ်ကြပါသည်။
သေခြင်း လေးမျိုး
သေရခြင်း၏ အကြောင်းတရားတို့သည် လေးပါးရှိလေသည်။
၁။ ရာဂကြောင့် သေရခြင်း
သက်တမ်း၊ ကံမကုန်သေးပါဘဲလျက် ပြင်းပြသော ကာမရာဂတို့ကို သည်းမခံနိုင်ဘဲ အဆိပ်သောက်သေခြင်း၊ ကြိုးဆွဲချသေရခြင်း၊ တစ်နည်းနည်းဖြင့် ကိုယ့်ကိုယ်ကို သတ်သေခြင်းမျိုးသည် ရာဂကြောင့်သေရခြင်းမည်ပါသည်။
၂။ ဒေါသကြောင့် သေရခြင်း
သက်တမ်း၊ ကံမကုန်သေးပါဘဲလျက် ပြင်းထန်သော ဒေါသကြောင့် ရိုက်ပုတ်၍ သေရခြင်း၊ ကြောက်လန့်၍သေရခြင်း၊ ရွဲကုန်သည် ဒေဝဒတ်အလောင်းကဲ့သို့ ငြူစူပူပန် သေရခြင်းမျိုးသည် ဒေါသကြောင့် သေရခြင်းမည်ပါသည်။
၃။ မောဟကြောင့်သေရခြင်း
သက်တမ်းနှင့်ကံ မကုန်သေးဘဲ အသိအလိမ္မာနည်းခြင်းကြောင့် မပြုလုပ်အပ်သည်ကို လုပ်မိ၍သေရခြင်း၊ မသွားအပ်သည်၌ သွား၍သေရခြင်၊ မစားသောက်အပ်ရာကို စားသောက်မိ၍သေရခြင်း စသည်ဖြင့် မိမိ၏ မိုက်မဲမှုကြောင့်
သေရခြင်းမျိုးကို မောဟကြောင့် သေရခြင်းဟုခေါ်ပါသည်။
၎။ မာနကြောင့် သေရခြင်း
သက်တမ်းနှင့်ကံ မကုန်သေးပဲ ကိုယ့်အောက်ယုတ်ညံ့သူ၊ ကိုယ်နှင့်တန်းတူသူ၊ ကိုယ့်ထက်သာလွန်သူတို့၌ လွှမ်းမိုးခြင်း၊ ဖက်ပြိုင်လိုခြင်း၊ တုပလိုခြင်း စသော အပြုအမူအမျိုးအမျိုးကြောင့် သည်းမခံနိုင်၊ သေရခြင်းတို့သည်
မာနကြောင့် သေရခြင်းမည်ပါသည်။
တစ်နည်းသေရခြင်းအကြောင်းလေးပါး
၁။ ဟိရီ(အရှက်ကြောင့်)သေရခြင်း
သက်တမ်းနှင့်ကံ မကုန်သေးပဲ မပြုသင့်၊ မပြုအပ်သော ဒုစရိုက်မျိုးတို့ကို ကျူးလွန်ပြုကျင့်ရမည်မှ ရှက်ကြောက်၍ အသက်အသေခံ သီလကိုစောင့်ထိန်းသွားသော ပုဂ္ဂိုလ်တို့၏ သေခြင်းမျိုးကို ဟိရီကြောင့် သေခြင်းမည်ပါသည်။
၂။ ဒေါသကြောင့် သေရခြင်း
သက်တမ်းနှင့်ကံ မကုန်သေးသော်လည်း ရတနာသုံးပါးနှင့် မိမိကြည်ညိုအားထားရာ စသည်တို့၌ သဒ္ဓါတရား လွန်ကဲအားကြီးလွန်းသဖြင့် မိမိကိုယ်ကိုမိမိ မီးရှို့၍ပူဇော်ခြင်း၊ ဘုရားအလောင်း ယုန်မင်းကဲ့သို့ အသက်ကိုစွန့်လွှတ်ခြင်းမျိုးမှာ
သဒ္ဓါကြော်င့ သေခြင်းမည်ပါသည်။
၃။ ပညာကြောင့် သေရခြင်း
သက်တမ်းနှင့်ကံ မကုန်သေးသော်လည်း သေခြင်း၌ အကျိုးကိုဆင်ခြင်သိမြင်၍ သေခြင်း၊ ဂေါမိကမထေရ်ကဲ့သို့သေခြင်း သေခြင်းတရားတို့ကို ပညာဖြင့်နှလုံးသွင်းဆင်ခြင်၍ သေခြင်းမျိုးသည် ပညာဖြင့်သေခြင်းမည်ပါသည်။
၎။ ဂရုဏာကြောင့် သေခြင်း
သက်တမ်းနှင့်ကံ မကုန်သေးသော်လည်း သူတစ်ပါးအတွက်(သို့မဟုတ်)အများအတွက်၊ တိုင်းပြည်အတွက်နှင့်လူမျိုးအတွက် ဂရုဏာထား၍ မိမိအသက်ကိုစွန့်လွှတ်ခြင်းသည် ဂရုဏာကြောင့်သေခြင်းမည်ပါသည်။
သေခြင်းဖြစ်ပေါ်ရာ အနာရောဂါရခြင်း အကြောင်းရှစ်ပါး
၁။ လေကြောင့် အနာရောဂါဖြစ်ကာ သေရသည်။
၂။ သည်းခြေကြောင့် အနာရောဂါဖြစ်ကာ သေရသည်။
၃။ သလိပ်ကြောင့် အနာရောဂါဖြစ်ကာ သေရသည်။
၎။ အထက်ပါ အကြောင်းသုံးပါး စုံညီ၍ အနာရောဂါဖြစ်ကာ သေရသည်။
၅။ ဥတုဖောက်ပြန်သောကြောင့် အနာရောဂါဖြစ်ကာ သေရသည်။
၆။ အာဟာရ မညီညွတ်မှုကြောင့် အနာရောဂါဖြစ်ကာ သေရသည်။
၇။ သူတစ်ပါး ရိုက်နှက်ပုတ်ခက်မှုကြောင့် အနာရောဂါဖြစ်ကာ သေရသည်။
၈။ရုတ်တရက်မတော်တဆမှုကြောင့်(accident) သေရသည်။
သေခါးနီးကာလဖြစ်ပေါ်သာကံများ
၁။ ဂရုကံ = တစ်ပါးသောကံများက မတားမြစ်နိုင်ပဲ သေသည်၏ အခြားမဲ့၌ မုချ အကျိုးပေးမည့် အလွန်အပြစ်ကြီးသော၊ အလွန်အာနုဘော်ကြီးသော ကံသည် ဂရုကံ ဖြစ်ပါသည်။
အကုသိုလ်ကံအဖို့၌ ပဉ္စာနန္တရိယကံဟု ဆိုအပ်သော….. ၁။ အမိကို သတ်ခြင်း၊
၂။ အဖကို သတ်ခြင်း၊
၃။ ရဟန္တာကို သတ်ခြင်း၊
၎။ ဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုခြင်း၊
၅။ သံဃာကို သင်းခွဲခြင်း။
ဟူသော ပဉ္စာနန္တရိယကံကို ကျူးလွန်သော သူသည် ဂရုကံကို ပြုသောသူများဖြစ်၍ သေသည်၏ အခြားမဲ့၍ ငရဲစသော အကုသိုလ်အကျိုးကို မုချပေး၍ ခံစားရမည်သာ ဖြစ်သည်။ ကုသိုလ်အရာ၌မဟဂ္ဂုတ်ကုသိုလ်များသည်
ဂရုကံ မည်ပါသည်။ သေသည်၏ အခြားမဲ့၌ ကုသိုလ်အကျိုးကို မုချပေး၍ ခံစားရမည်သာဖြစ်သည်။
ထိုတွင် မဟဂ္ဂုတ်ကုသိုလ်သည် တစ်ခါတစ်ရံမေ့လျော့မှုကြောင့်လည်းကောင်း၊ နီဝရဏတရား ထပ်မံဖြစ်ပေါ်မှုကြောင့်လည်းကောင်း၊ နီဝရဏတရား ပိတ်ပင်ဟန့်တားမှုကြောင့်လည်းကောင်း အကျိုးမပေးပဲ အဟောသိကံ
ဖြစ်နိုင်သေးသည်။ လောကုတ္တရာကုသိုလ်ဟု ဆိုအပ်သော မဂ်ရောက်၊ ဖိုလ်ရောက်နေသော ပုဂ္ဂိုလ်သည်ကား အဟောသိကံမဖြစ်တော့ဘဲ မုချဆက်ဆက် အကျိုးပေးလေသည်။
၂။ အသန္နကံ = ရှေးအခါက ပြုပြီး၍ သေခါနီး အခါ၌ အောက်မေ့အပ်သော ကုသိုလ်၊ အကုသိုလ်ကံသည်လည်းကောင်း၊ သေခါနီး၌ ပြုအပ်သော ကုသိုလ်၊ အကုသိုလ်ကံသည်လည်းကောင်း အာသန္နကံ ဖြစ်ပါသည်။
ကုသိုလ်အရာ၌ သောဏမထေရ်၏ဖခင် မုဆိုးအိုသည် ငရဲနိမိတ်ထင်လာမှ သားက ပန်းလှူပေးသဖြင့် နတ်သမီး နတ်ဗိမာန် အာရုံထင်လာခြင်းမျိုးဖြစ်သော ကံဖြစ်သည်။
အကုသိုလ်အရာ၌ ဓမ္မာသောကမင်းကြီးသည် ရေတွင်းပေါင်း ရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်း ရှစ်သောင်းလေးထောင်၊ ကုသိုလ်ပြုခဲ့သော်လည်း သေခါနီးကာလဝယ် ပစ္စည်းအာရုံဇောစောမိသည့်အတွက် မြွေပြိတ္တာဖြစ်ရခြင်းမျိုး၊
ရဟန်းတစ်ပါးသည် ရဟန်းတရားကိုမြဲစွာ အားထုတ်ခဲ့ပါလျက် သေခါနီးဝယ် နှမလှူသော သင်္ကန်းကို အာရုံစွဲမိသဖြင့် သင်္ကန်း၌ သန်းဖြစ်ရခြင်းများသည် အာသန္နကံ အကျိုးပေးခြင်း ဖြစ်ပါသည်။
ဤသည်မှာမုဆိုးအလုပ်ဖြင့် အသက်မွေးခြင်း ဟူသော အကုသိုလ် အာစိဏ္ဏကံမှ အမြဲမပြတ် လေ့ကျင့်အပ်သော ကံရှိသောပုဂ္ဂိသည် ဘုရား၌ ပန်းလှူခြင်း၊ ကြည်ညိုစိတ်ထားခြင်း ဟူသော ကုသိုလ်ဖြစ်သော အနီးကပ် အာသန္နကံကြောင့်
နတ်ပြည်သို့သွားရသည်။ ဥစ္စာပစ္စည်းပေါင်း ကုဋေပေါင်းများစွာ လှူခဲ့ခြင်း၊ သာသနာပြုခြင်း စသော ကုသိုလ်အာစိဏ္ဏကံများခဲ့သော ဓမ္မသောကမင်းကြီးသည် သေခါနီးကာလဝယ် ပစ္စည်းဇော စောမိခြင်းဟူသော အကုသိုလ် အာသန္နကံကြောင့်
မြွေပြိတ္တာဖြစ်ရခြင်း၊ ရဟန်းတရားများကို ပွားစည်ခဲ့သော ကုသိုလ် အာစိဏ္ဏကံရှိသော ရဟန်းသည် သေခါနီးကာလဝယ် နှမလှူသော သင်္ကန်းကို အာရုံစွဲမိခြင်းအကုသိုလ် အာသန္နကံကြောင့် သန်းဖြစ်ရခြင်းတို့ဖြစ်သည် အနီးကပ်ပြုအပ်သော
အာသန္နကံအစွမ်းများပင် ဖြစ်ပါသည်။
အာသန္နကံ၊ အာစိဏ္ဏကံ နှစ်ပါးတို့သည် အားတူအားမျှ ဖြစ်ကြကုန်လျှင် အာသန္နကံကသာ ရှေးဦးစွာ အကျိုးပေးသည်။ ဥပမာ – နွားအပေါင်းနှင့် ပြည့်စုံသော ခြံ၏တခါးကို ဖွင့်သည်ရှိသော် နောက်အဖို့၌ ဆုံးမအပ်သောနွား၊ အားရှိသောနွားတို့သည်
ရှိကုန်သော်လည်း အကြင်နွားသည် ခြံတံခါးအနီ့း တည်၏။ အယုတ်အားဖြင့် နွားအိုကြီးသည် ခြံတံခါးအနီး၌တည်၏။ ထိုနွားအိုကြီးသည်သာ ရှေးဦးစွာထွက်လာသကဲ့သို့ ထို့အတူ ဂရုကံမှ တစ်ပါးကုန်သော ကုသိုလ်ကံ၊ အကုသိုလ်ကံတို့သည်
ရှိကုန်သော်လည်း သေခါနီးကာလ၏ နီးသည်အဖြစ်ကြောင့် အာသန္နကံသည်သာလျှင် ရှေးဦးစွာ အကျိုးပေးသည်။
၃။ အာစိဏ္ဏကံ = ဝါသနာစရိုက် အစုံလိုက်၍နေ့ရှည်လများ ကာလလျားအောင် ပွားများပြုလုပ်အပ်သော ဒါန၊ သီလ၊ ဘာဝနာစသော ကုသိုလ်ကံမျိုး၊ သူ့အသက်သတ်ခြင်းစသော အကုသိုလ်ကံမျိုးသည် အာစိဏ္ဏကံမည်ပါသည်။ တစ်ကြိမ်ပင်
ပြုအပ်ဖူးသော်လည်း ထိုပြုမိသည်ကို အထပ်ထပ် သတိရကာ ဝမ်းမြောက်မှုကို ဖြစ်စေတတ်သော ကံမျိုးသည်လည်းကောင်း၊ နောက်တစ်ဖန်ပူပန်မှုကိုဖြစ်စေတတ်သော ကံမျိုးသည်လည်းကောင်း အာစိဏ္ဏကံ မည်ပါသည်။
၎။ ကဋတ္တာကံ = ဂရုကံ စသော ကံသုံးပါးမှ တစ်ပါးတစ်ပါးသော ပြုကာမျှဖြစ်သော ပဋိသန္ဓေအကျိုးကို ပေးနိုင်သော ကံသည် ကဋတ္တာကံမည်ပါသည်။
ဤသို့ အကျိုးအလှည့်ပေးရာ ကံလေးပါးရှိရာ၌ ဂရုကံသည် ခပ်သိမ်းသောကံတို့၏ ရှေးဦးစွာအကျိုးပေး၏။ ဂရုကကံမရှိသော် အာသန္နကံ အကျိုးပေးသည်။ ထိုအာသန္နကံမရှိသော် အာစိဏ္ဏကံသည် အကျိုးပေး၏။ အာစိဏ္ဏကံ မရှိလတ်သော်
ကဋတ္တာကံ အကျိုးပေးသည်။
သေခါနီး အာရုံများ
သတ္တဝါတို့သည် သေခါနီးကာလဝယ် ဘဝကူးပြောင်းရေးအတွက် အာရုံဇောများ စောကြသည်။ အာရုံနိမိတ်များထင်ကြသည်။ ဤသို့ အာရုံဇော စောရာဝယ် မည်သို့မည်ပုံ စွဲလမ်းပြီး စောသည်ကို ကျမ်းဂန်အသီးသီး၌ ဖော်ပြထားသည်ကိုတွေ့ရသည်။
ဗာလပဏ္ဏိတသုတ္တန်တွင် သေခါနီး အာရုံစွဲလမ်းမှုနှင့် ပတ်သတ်၍ ဤသို့ ဖော်ပြထားသည်ကို တွေ့ရပါသည်။
အကြင် သေခါနီးသောသူအား ရှေးအခါကပြုခဲ့ဖူးကုန်သော အကြင် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့သည် ထင်ရှားရှိကုန်၏။ ထိုသူ၏ ကုသိုလ်၊ အကုသိုလ်ကံတို့သည် စိတ်အစဉ်ကို မိမိ၌ညွတ်အောင် ဆွဲဆောင်နိုင်ကုန်၏။ အလွန့်အလွန်ညွတ်အောင်
ဆွဲဆောင်နိုင်ကုန်၏။ တည့်တည့်ညွတ်အောင် ဆွဲဆောင်နိုင်ကုန်၏။ ထိုနည်းတူ တိကင်္ဂုတ္တရ၌လည်း သေခါနီး ပုဂ္ဂိုလ်၏ အာရုံဇော စောမှုနှင့်ပတ်သတ်၍ ဤသို့ ဖော်ညွှန်းထားသည်ကို တွေ့ရပါသည်။
“ညနေချမ်းအချိန်ကာလဝယ် ကြီးမားသော တောင်ထွတ်ကြီးတို့၏ အရိပ်ပမာကဲ့သို့ သေခါနီးကာလကပ်ရောက်၍နေသော သတ္တဝါတို့၏စိတ်၌ အိပ်မက် မက်၍နေသကဲ့သို့ အကျိုးတရားကို ပေးခြင်းငှာ ခွင့်ပြုပြီးဖြစ်သော ကုသိုလ်ကံ၊ အကုသိုလ်ကံသည်
(ထိုကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အမှတ်သည်) ရှေးရှုကာ အမှန်မလွဲ အမြဲထင်မြင်လာကြရသည် သာလျှင်တည်း”
သေခြင်းလေးမျိုးတွင် တစ်ပါးပါးကြောင့်လူတစ်ယောက် သေရန်အချိန်နီးကပ်လာလျှင် မသေမီ နာရီဝက်လောက်မှစ၍ စိတ်ကောင်း၊ ဇောကောင်းရရှိရန် အရေးကြီးလှပေသည်။ သေသည့်တိုင်အောင် အကုသိုလ်ဇောများစောနေလျှင်၊ ညွတ်နေလျှင်
ဧကန် အပါယ်သို့ ကျရောက်တော့မည်။ သို့ဖြစ်၍ မြင်းအပြေးပြိုင်ရာတွင် ပန်းဝင်ခါနီး၌ အရေးကြီးဆုံးဖြစ်သကဲ့သို့ နောက်ထပ်တစ်ဖန် သတိကောင်းရရန် သေခါနီး၌ အရေးကြီးလှပေသည်။ ထိုသေခါနီး၌ စိတ်ကောင်း၊ မကောင်းမှာလည်း ထိုအခါ
ထင်လာသောအာရုံနှင့် သက်ဆိုင်လေသည်။ သေခါနီး၌ ကံ၊ကမ္မနိမိတ်၊ဂတိနိမိတ် ဟူသော အာရုံသုံးမျိုးတွင် တစ်မျိုးမျိုးထင်လာတတ်ပါသည်။ ကံဆိုသည်မှာ ကုသိုလ်၊ အကုသိုလ် စေတနာ ဖြစ်ပါသည်။ ကမ္မနိမိတ် ဆိုသည်မှာ ထိုကုသိုလ်၊ အကုသိုလ်
ပြုစဉ်က တွေ့ကြုံသုံးစွဲခဲ့သော အရာဝတ္ထုများ ဖြစ်ကြပါသည်။ ဂတိနိမိတ်ဆိုသည်မှာ သေပြီးနောက် ရောက်ရမည့်၊တွေ့ကြုံရမည့် အရာဝတ္ထုများဖြစ်ပါသည်။(ဆက်လက်ဖေါ်ပြပါမည်)
(အရှင်ဃောသိတ၏ ဗုဒ္ဓအလိုကျသေနည်းမှတဆင့်တင်ပြသည်)

No comments:

Post a Comment