“သူတော်ကောင်းတို့၏ မွေ့လျော်ရာ”
=====================
ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းသည် သေခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်၏။
ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းသည် ပူပင်ဆင်းရဲ အဖန်တလဲလဲ သေရခြင်း၏ အကြောင်းဖြစ်၏
ကုသိုလ်ကောင်းမှု၌ မမေ့မလျော့သောသူသည် မသေရာ နိဗ္ဗာန်သို့ ရောက်ကြမည်ဖြစ်၍
မသေသောသူများ ဖြစ်ကြ၏။
ကုသိုလ်ကောင်းမှု၌ မေ့လျော့သောသူတို့သည် အသက်ရှင်လျက် ရှိကြသော်လည်း အဖန်တလဲလဲ
သေကြရဦးမည်ဖြစ်၍ သေသောသူနှင့်တူကုန်၏။
ဤသို့ မေ့လျောသောသူနှင့် မမေ့လျောသောသူ၏ ထူးခြားကြောင်းကို သိကြ၍ ပညာရှိတို့သည်
မမေ့လျောသော သတိတရား၌ ရွင်လန်းဝမ်းမြောက်စွာ ဘုရား အစရှိသော သူတော်ကောင်းတို့၏
ကျက်စားရာ လောကမှ လွတ်မြောက်ကြောင်း တရား၌ မွေ့လျော်ကုန်၏။ ။
(ဓမ္မပဒ)
————————————————————————————————
“ဓမ္မစကား”
========
ဓမ္မစကား
နေ့တိုင်းကြားက
စိတ်ထားဖွေးလက်
သိဉာဏ်ထက်၏။ ။
(အရှင် ဆန္ဒာဓိက)
—————————–
“အဓိဌာန်”
========
ငါ့တွက်များမြောက် ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ် အားမထုတ်ဘူး
ဗုဒ္ဓ မြတ်စွာ သာသနာ၏
ရှည်စွာအဓွန့် ရောင်လျံကွန့်ဖို့
စွန့်စွန့် စားစား ငါကြိုးစားသည်
စိတ်ထား ငါ့မှာ အမြဲတည်း။ ။
(ဆရာတော် အရှင်ဇနကာဘိဝံသ)
———————————–
“သင်တန်းဖွင့်ကြစို့”
============
တို့သာသနာ၊ တို့ဘာသာကို
မျက်နှာလွှဲထား၊ မကြိုးစားက
တို့များဘာသာ၊ ဆုတ်ယုတ်မှာမို့
ဘာသာတအား၊ တည်တံပွားအောင်
တို့များညီညာ၊ လက်တွဲကာဖြင့်
ဓမ္မ တရား၊ စာပေများကို
သင်ကြားကျင့်သုံး ကြပါစို့။ ။
———
“တို့လိုအပ်သည်။”
==========
ဘာသာအသိ၊ ဗလာရှိတော့
အားပျော့ခြံတိုင်၊ မတ်မခိုင်ဘဲ
ယိုင်လဲဖြိုကာ၊ တွန်းဝင်လာငြား
မိစ္ဆာမှားယူ၊ ထိုထိုသူတို့ကြောင့်…..
တို့ရဲ့ဘာသာ၊ သာသနာဟာ..
“ခြံမခိုင်လို့၊ ငိုမှာလား…?”
“ငေးငိုင်နေလို့၊ ငိုမှာလား…?”
ထိုသို့အခြေ၊ မဖြစ်လေအောင်
ဓမ္မ ဓမ္မ၊ စကူးလ်ကမှ
အခြေကျကျ၊ ဘ၀လှပြီး
ဆိုးစကိုဖယ်၊ ကောင်းဖွယ်ကိုကျင့်
ကြိုးစားနှင့်တော့၊ ရင့်ကျက်သိမှန်
အမှန်သိကာ၊ နောင်လာမျိုးဆက်
အကျိုးတွက်ကို…………….
တို့လိုလူကြီး………………..
သတိကြီးစွာ၊ ဆောင်ရွက်ပါမှ
ဘာသာဂုဏ်ရောင်၊ ထွန်းပြောင်လာမည်။
ရင်မှာကိုယ်စီ .. သိစေသတည်း။
ရင်မှာကိုယ်စီ .. ရှိစေသတည်း။
( သိဒ္ဓိမောင်ဆွမ်းလောင်း၊ လက်ကမ်းစာစောင်မှ)
No comments:
Post a Comment