ကန်ပေါင်ပရိယတ်၊ ပဋိပတ် ကန်ရေ
ပဋိဝေ ကြာ ဟု၊ သုံးခုသာသနာ
မိန့်ဆိုရာ၌၊ ….
ကန်ပေါင်ရှိမှ၊ ရေတည်ရ၏။
ရေမှတစ်ဆင့်၊ ကြာပန်းပွင့်၏။
ကြာပန်းနှင့်ရေ၊ တည်ရှိနေအောင်
ကန်ပေါင်ရိုးက၊ ပဓာနတည်း။ ။
ပဓာနကျလတ်၊ ပရိယတ်ကို
တတ်အပ်သမျှ၊ သင်ပို့ချလော့။ ။
ကန်ပေါင်ပရိယတ်၊ ကျိုးမပြတ်အောင်
တတ်အပ်သမျှ၊ ဆည်ဖို့ကြလော့။ ။
ပေးဆက်ပြုလာ၊ သာသနာကို
ငါတို့တာဝန်၊ စိတ်ရင်းခံ၍
ဇွဲသန်လုံလ၊ ပြုနိုင်မှလျှင်
ရှေးကအမွေ၊ နောင်ဝယ်မပျက်
ရွှေလက်ဆက်မည်။ တည်တံ့မည်။ ။
——————————————
လူ့ဘုံဌာန၊ လူ့လောကကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည်း။ ။
သို့တပြီကား……..
သင်သေသွားသော်၊.
သင်ဖွားသည့်မြေ၊ သင်တို့ပြည်သည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။ ။
သင်၏ဘိုးဘွား၊ စာ စကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏။ ။
သင်တို့ဦးချ၊ အမျှဝေရာ
စေတီသာနှင့်…….
သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း
ထွန်းပြောင်ဝင်းတင့်၊ ရှိစေသင့်၏။ ။
အကယ်၍သာ………
ကမ္မဿကာ၊ လူဗိုလ်ပါတို့
ငါနှင့်မဆိုင်၊ မတတ်နိုင်ဟု
မပြိုင်ခင်ရှုံး၊ စိတ်နှလုံးကို
တုံးတုံးကြီးချ၊ ရှိချေကမူ
ဗုဒ္ဓသာသနာ၊ ကွယ်ပျောက်ရာ၏။ ။
သို့တပြီးကား……….
ဒို့များဖြစ်ရ၊ ဤလောက၀ယ်
ဘ၀သမိုင်း၊ မရိုင်းစေရန်
စိတ်မာန်မချ၊ ဒေါသမပါ
ဒို့စွမ်းရာဖြင့်၊ ဒို့သာသနာ
ဒို့ပြည်ရွာကို၊ သာယာစေမှု
လုံ့လပြုစို့ ………….။ ။
———————————-
မြတ်သောအကျင့်၊ မြတ်အောင်ကျင့်မှ
မြတ်ရှင့်သာသနာ၊ မြတ်အောင်သာတည်း။ ။
မြတ်စွာဗုဒ္ဓ၊ ဟောမိန့်ဟသည့်
ဓမ္မဒေသနာ၊ အဖြာဖြာကို
လိုက်နာကျင့်မှ၊ ချမ်းသာရ၏။ ။
ချမ်းသာလိုငြား၊ သူငါများတို့
ဘုရားသာသနာ၊ ကြုံကြိုက်ခါဝယ်
သဒ္ဒါ သီလ၊ စာဂ ပညာ
အဖြာဖြာကို၊ ကောင်းစွာကြိုးကုတ်
ကျင့်အားထုတ်လော့။ ။
{ အောင်ဇေကမ္ဘာ ကုမ္ပဏီ လက်ကမ်းစာစောင်မှ ကူးယူဖေါ်ပြသည်။ }
———————————————————————————
“ များလှအကျိုးတွေ ”
=============
ဗုဒ္ဓမြတ်စွာ၊ ပွင့်ထွန်းလာ၍
သစ္စာလေးအင်၊ ရှစ်မဂ္ဂင်နှင့်
သုံးအင်လက္ခဏာ၊ သင်္ခတာ သင်္ခတ
မြတ်ဓမ္မကို၊ နက်လှဉာဏ်တော်
ဟောထုတ်ဖေါ်၍၊ သူတော်အများ
သိရငြား၊ များလှအကျိုးတွေ။ ။
(ချမ်းမြေ့ဆရာတော်)
No comments:
Post a Comment