အရှင်အဿဇိ မထေရ်မြတ်ကြီး ဟောကြားသော လောကမှာဖြစ်လာသမျှ ဖြစ်နေတာတွေ
မှန်သမျှ အကြောင်းတရားဆိုတာ ရှိတယ်။ ဒီအကြောင်းအကျိုး သိရှိနိုင်မှု
ပညာဉာဏ်တရားဟာ
အရှင်သာရိပုတ္တာ မထေရ်မြတ်ကြီး အလောင်းအလျာကို သောတာပန် ဖြစ်စေခဲ့ပါတယ်။ သောတာ
ပန် ဖြစ်ပြီးတဲ့ ဥပတိဿဟာ အတူနေတဲ့ ကောလိတ အရှင်မောဂ္ဂလန် မထေရ်မြတ် အလောင်း
တော်ဆီ ပြန်သွားခဲ့တယ်။ ကောလိတက “ငါ့ရှင်ရဲ့ ဣနြေ္ဒတွေက ကြည်လင်လို့ ပါလား၊ တရားထူး
ရလာတယ်ထင်တယ်” လို့ မေးတော့မှ ဒီတရား “ယေဓမ္မာ ဟေတုပ္ပဘ၀ါ” ကို တစ်ဆင့်ပြန်ဟော
ပေးပါတယ်။ “အကျိုးတရားမှန်သမျှဟာ အကြောင်းရှိတယ်” လို့ ပြန်ဟောလိုက်တော့။
“လောက
မှာ ဖြစ်နေသမျှ အကျိုးတရားမှန်သမျှဟာ အကြောင်းကြောင့် ဖြစ်တာချည်းပဲ၊” အကြောင်းမရှိတဲ့
အကျိုးတရားဆိုတာ မရှိဘူးလို့ ပြောလိုက်တော့ အံ့သြစရာကောင်းတာက ဒီအကြောင်းအကျိုး
နားလည်တဲ့ အသိဉာဏ် တရားဟာ ကောလိတ အရှင်မောဂ္ဂလန် အလောင်းအလျာကိုလည်း
သောတာပန် အရိယာ ဖြစ်သွားစေပါတယ်။
သောတာပန် အရိယာ ဖြစ်တယ်ဆိုတာ သာမန်လူတွေထက်သာတဲ့ မြင့်မြတ်တဲ့ စိတ်ထား
အမှန်သိတဲ့ အသိဉာဏ်တွေ ဖြစ်သွားတာပါ၊ ဒါကြောင့်မို့ ဖြစ်စေချင်တာက အကြောင်းအကျိုးကို
နားလည်စေချင်တယ်။ ကြုံလာခဲ့ရတဲ့ ဆိုးကျိုးတွေဟာ ကိုယ့်အကြောင်း ဆိုးခဲ့လို့။ ကိုယ်ဆုံလာခဲ့ရ
တဲ့ ကောင်းကျိုးတွေဟာ ကိုယ်ကောင်းကြောင်းတွေ လုပ်ခဲ့လို့ ဆိုတာကို အသိတရားနဲ့ လက်ခံစေ
ချင်တယ်။ နားလည်စေချင်တယ်။ သဘောပေါက်စေချင်တယ်။
သောတာပန် မဖြစ်လိုသေးသော်မှ သူတော်ကောင်းစစ်စစ် ဖြစ်ချင်ရင်လည်း အကြောင်း
အကျိုးတရားနဲ့ အကြောင်းအကျိုးတို့ရဲ့ ဆက်စပ်ပုံတွေကို နားလည်ရမယ်။ ကောင်းတာလုပ်ရင်
ကောင်းတာဖြစ်တယ်၊ ဆိုးတာလုပ်ရင် ဆိုးတာဖြစ်တယ်လို့ နားလည်ရမယ်။ မိမိတို့ ဘ၀မှာ
အများကြည့်ချင် တွေ့ချင်တဲ့ သီလ၊ သမာဓိ၊ ပညာပြည့်စုံတဲ့ ဘ၀မျက်နှာ ကောင်းအောင် ပုံရိပ်
ဖေါ်နေတဲ့ သူတော်ကောင်းတွေ ဖြစ်ပြီး သီလပြည့်စုံ၊ သမာဓိပြည့်စုံ၊ ပညာပြည့်စုံပြီး ကောင်းကျိုး
ချမ်းသာတွေ ခံစားစံစားပြီး နိဗ္ဗာန်တိုင်ထိ စံဝင်နိုင်တဲ့ သူတော်ကောင်းတွေဖြစ်ကြပါစေသတည်း။
{ ရွှေ FM အစီအစဉ်ရဲ့ ဓမ္မဒူတအရှင်ဆေကိန္ဒ၏ ဘ၀ဖြောင့်ကြောင်း တစေ့တစောင်း
အပိုင်း(၁၀) မှ ကောက်နုတ် ဖေါ်ပြပါသည်။}
——————————————————————————————- “ကိုယ်စီခပ်နှိပ်ကြ”
===========
အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်၊
အိုးတွင်နှိပ်ခပ်၊ တံဆိပ်မှတ်ကား၊
မပြတ်မစဲ၊ အိုးပင်ကွဲလည်း၊
အမြဲတစေ၊ တည်ရှိနေသို့၊
ထိုထိုသွေးသား၊ ကလေးများ၌၊
ဘုရားတံဆိပ်၊ ဘာသာစိတ်ကို၊
ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင်၊
ဗုဒ္ဓ၀ါဒီ၊ စွဲ၍ တည်မည်၊
ကိုယ်စီခပ်နှိပ် ကြစေသတည်း။ ။
(တောင်မြို့-မဟာဂန္ဓာရုံဆရာတော်)
—————————————————–
“အဓိဌာန်”
========
ငါ့တွက်များမြောက် ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ် အားမထုတ်ဘူး
ဗုဒ္ဓ မြတ်စွာ သာသနာ၏
ရှည်စွာအဓွန့် ရောင်လျံကွန့်ဖို့
စွန့်စွန့် စားစား ငါကြိုးစားသည်
စိတ်ထား ငါ့မှာ အမြဲတည်း။ ။
(ဆရာတော် အရှင်ဇနကာဘိဝံသ)
————————————————————–
“သင်တန်းဖွင့်ကြစို့”
============
တို့သာသနာ၊ တို့ဘာသာကို
မျက်နှာလွှဲထား၊ မကြိုးစားက
တို့များဘာသာ၊ ဆုတ်ယုတ်မှာမို့
ဘာသာတအား၊ တည်တံပွားအောင်
တို့များညီညာ၊ လက်တွဲကာဖြင့်
ဓမ္မ တရား၊ စာပေများကို
သင်ကြားကျင့်သုံး ကြပါစို့။ ။
(ဟိတဓရဆရာတော်)
No comments:
Post a Comment