Thursday, December 18, 2014

ယနေ့ခေတ်တွင်ကျယ်စွာ သုံးနေသော မင်္ဂလာပါ ဟူသော စကားနှင့်စပ်လျဉ်း၍ ဘုရားဟောဒေသနာနှင့်နှိုင်းချိန်ခြင်း


မင်္ဂလာ ဟူသောပုဒ်ကို
မင်္ဂံ ပါပံ လုနာတိ ဆိန္ဒတီတိ မင်္ဂလံ ဟု ဝစနတ္တပြု၍ မကောင်းမှုအကုသိုလ်အစုတို့ကို
ပယ်ဖျောက်ဖျက်ဆီးတတ်သောကြောင့် မင်္ဂလာ မည်၏ ဟု
ဖွင့်ဆိုထားပါသည်။

မင်္ဂလာရှိသောနေ့ သုံးလီ
-----------------------
လူတို့သည် အတိတ် နိမိတ် မင်္ဂလာ
စသည်တို့ကိုလွန်စွာစွဲလန်းယုံကြည်ကြ၏။အိမ်မြှောင်စုတ်ထိုးသံ ဇီးကွက်မည်သံတို့ကို ကြားရလျှင် အတိတ်နိမိတ်ကောင်းသည် လာဘ်ကောင်းသည်ဟု ယူဆ၍
တစ်တီတူးအော်သံကြားလျှင်သော်၎င်း
ခွေးအူသံ ကြားလျှင်သော်၎င်း အတိတ်နိမိတ်မကောင်း လာဘ်မကောင်းဟု ယူဆ စွဲလန်းတတ်ကြလေသည်။
နှစ်သက်ဖွယ်ကောင်းသော အာရုံတို့ကို တွေ့ရလျှင် မင်္ဂလာ

မနှစ်သက်ဖွယ်သော အဆင်း
အသံ အနံ့ စသောအာရုံတို့ကို
တွေ့ကြုံရလျှင် မင်္ဂလာ မရှိဟု
မိမိကြိုက်မကြိုက်ကောင်းမကောင်းပေါ်မူတည် ၍ မင်္ဂလာတရားအပေါ်
ဤသို့ယူဆကြသည်။စွဲလန်းကြလေသည်။မြတ်ဗုဒ္ဓက မင်္ဂလာ တရားတော်ကို အင်္ဂုတ္ထိုရ် ပါဠိတော်၌
ရဟန်းတို့နံနက်ခင်း၌ ကောင်းသော ကာယကံ ဝစီကံ မနောကံတို့ကို ကျင့်သူတို့အတွက်
ကောင်းသော နံနက်ခင်း ဖြစ်ပေ၏။
နေ့လည်ခင်းအချိန်၌ ကောင်းသော ကာယကံအကျင့် ဝစီကံအကျင့် မနောကံအကျင့်တို့ကို ဖြစ်စေသူအတွက် ကောင်းသော နေ့လည်ခင်းဖြစ်
၏။ညနေခင်း ညချမ်းအချိန်များမှာလည်း ထို့အတူသာ။ ကောင်းသော ကာယကံ ဝစီကံ မနောကံ ရှိသူ
တို့ အတွက်ကောင်းသောညနေ
ခင်း ကောင်းသောညချမ်းဖြစ်ပေ၏ ။
ကောင်းသော ကိုယ် နှုတ် စိတ်
တို့နှင့်ပြည့်စုံသောနေ့သည် နက္ခတ် ကောင်းနှင့်ယှဉ်သောနေ့မည်၏။
ကောင်းသော မင်္ဂလာ ရှိသော
နေ့မည်၏။ ကောင်းသောခဏမုဟုတ်မည်၏။ မြတ်သော အကျင့်ကိုကျင့်သူတို့၌ ပေးလှူသောအလှူသည် ကောင်းစွာပူဇော်အပ်သောအလှူမည်၏။ တိုးပွါးသော ကာယကံ ဝစီကံ
မနောကံမည်၏။တိုးပွါးသော အကျိုးကိုရ၏။ ဟု ဟောကြား
တော်မူပါသည်။

ယနေ့ခေတ် လူတို့သည် တစ်ယောက်နှင့်
တစ်ယောက် တွေ့ ကြသည့်အခါ ဖုန်းပြောသည့်အခါများတို့၌
မင်္ဂလာပါ ဟု နှုတ်ဆက်တတ်ကြသည်။
မြတ်ဘုရား တရားတော်အရဆို
ပါလျှင် ၄င်းတို့သည် မိတ်ဆွေ
ကျွန်တော်သည် ကောင်းသော
ကာယကံ ဝစီကံ မနောကံ ရှိပါ၏။ မိတ်ဆွေလည်း ကောင်းသော ကာယကံ ဝစီကံမနောကံရှိပါစေ ဟု အချင်းချင်း
ပြောကြားရာရောက်ပေသည်။
ဤသို့လည်းဖြစ်သင့်လှပေသည်။ မြတ်ဘုရား၏ တရားတော်အရ မင်္ဂလာဟူသည် အကုသိုလ်ပယ်ခွါ၍ ကုသိုလ်ဖြစ်ခြင်းသာလျှင်ဖြစ်တော့သည်
ကို သုနက္ခတ္တံ သုမင်္ဂလံ သုပ္ပ
ဘာတံ သုဟုဋ္ဌိတံ သုခဏော
သုမုဟုတ္တောစ သုယိဋ္ဌံ ဗြာဟ္မ
စာရိသု ဟု ပရိတ်တော်မှာလာ
ရှိသည်ကို ထောက်၍ သိနိုင်ပေသည်။
ယနေ့ခေတ် လူတို့သည်
အိမ်ဆောက်ရာ ရေတွင်းတူးရာ
အစရှိသည်တို့၌ ရေခံ မြေခံ
ဘီလူးစောင့် နတ်စောင့် စသည်
ရွေးခြင်းသည်ဘုရားတရာတော်နှင့် မသင့်လျှော်ပါ။ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးဂုဏ်ကို မယုံကြည်ရာရောက်၍သရဏံဂစ္ဆာမိ
ဟူသော သရဏဂုဏ်ပင်ပျက်နိုင်ပါသည်။
ထို့ကြောင့် ကုသိုလ်တရားတွေသာ များများပြုပါ။ မင်္ဂလာတွေများများကြီးရှိလာပါမည်။
မင်္ဂလာရှိဘို့ အပြင်အာရုံတွေက မတတ်နိုင်ပါဘူး။
မိမိရဲ့အတွင်းစိတ်သန္တာန်မှာသာ အကုသိုလ်ကင်း ကုသိုလ်သွင်းလို့ ကာယကံ ဝစီကံ မနောကံဆိုတဲ့ ကံသုံးပါးသာစင်ကြယ်အောင်ထားပါ။
ထိုကဲ့သို့ ကံသုံးပါးမှာ ကုသိုလ်တရားတွေ ဖြစ်ပေါ်စေတဲ့သူတွေအထံသို့ မင်္ဂလာတရားတွေပြည့်စုံလာပြီး
လူ နတ် နိဗ္ဗာန်ချမ်းသာတရားများ ရရှိခံစားနိုင်ပါကြောင်း
မင်္ဂလာတရားအကြောင်းလက်လှမ်းမှီရာတင်ပြရင်းနိဂုံးချုပ်အပ်ပါတယ်။

အမှားမြင်
         အမှန်ပြင်စေလိုသော
                 မေတ္တာဆန္ဒဖြင့်

                    ဘုန်းဟေသီ ရေစကြို
             www.damanady.tk

No comments:

Post a Comment